BVJ/Moore _ ဇန်နဝါရီ ၁၉ ၊ ၂၀၂၅
မြန်မာစစ်တပ် (စစ်ကောင်စီ) အနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကို ဆိုင်းငံ့ထားသင့်ပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်နိုင်အောင် ကြိုးစားဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး စတင်ဖို့ အာဆီယံခေါင်းဆောင်တွေက စစ်ကောင်စီကို ဖိအားပေး ပြောကြားခဲ့ပါတယ်။
ဒီနေ့ ဇန်နဝါရီ ၁၉ ရက် မလေးရှားနိုင်ငံ လန်ကာဝီမှာ ကျင်းပနေတဲ့ အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မိုဟာမက်ဟာဆန်ကလည်း လက်ရှိ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဟာ အရေးကြီး ဦးစားပေးလုပ်ရမယ့်ကိစ္စမဟုတ်ဘဲ နှစ်ဖက်အပစ်အခတ်တွေ ရပ်စဲဖို့က အဓိကလုပ်ဆောင်ရမယ့်ကိစ္စသာဖြစ်တယ်လို့ ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းမှာ ဖျက်သိမ်းခဲ့ပြီးနောက် စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲမျှသာဖြစ်တယ်လို့ ပြည်တွင်း ပြည်ပ နိုင်ငံရေးအင်အားစုတွေကလည်း ဝေဖန်ထားကြပါတယ်။
ဒါ့အပြင် နိုင်ငံတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့လိုအပ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီကို ရရှိဖို့နဲ့ ဝင်ရောက်နိုင်ဖို့အတွက်ကိုလည်း စစ်ကောင်စီအနေနဲ့ တားဆီးပိတ်ပင်တာမျိုး မလုပ်ဆောင်ဖို့ကိုလည်း အာဆီယံက တောင်းဆိုထားပါတယ်။
“မြန်မာ (စစ်ကောင်စီ) အနေနဲ့ အာဆီယံက တောင်းဆိုထားတဲ့ မူဝါဒ ၅ ရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ကို လိုက်နာဆောင်ရွက်ဖို့ ပြောထားတာပါ။ အင်မတန် ရိုးရှင်းပါတယ်။ ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ကန့်သတ်ထားမှုမရှိဘဲ ဝင်ရောက်ခွင့်ပေးဖို့ လိုအပ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံတမန်ဟောင်း Othman Hashim ကလည်း ပြောပါတယ်။
ဒီနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌ ဖြစ်လာတဲ့ မလေးရှားနိုင်ငံက သံတမန်ဟောင်းတစ်ဦးဖြစ်တဲ့ Othman Hashim ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အနေနဲ့ တာဝန်ပေးအပ်တယ်လို့လည်း ပြောကြားထားပါတယ်။ Othman Hashim ဟာ မကြာခင်ကာလမှာ မြန်မာနိုင်ငံကို သွားရောက်ပြီး စစ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိကျင်းပနေတဲ့ အာဆီယံခေါင်းဆောင်တွေအဆင့် အစည်းအဝေးတွေမှာ စစ်ကောင်စီ ဝန်ကြီးတွေကို တက်ရောက်ခွင့်မပြုဘဲ နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ ကိုယ်စားလှယ်တွေကိုသာ တက်ရောက်ခွင့်ပြုထားပါတယ်။
Ref: Reuters.
ပုံစာ – မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွတ်ဆီရီမိုဟာမက်ဟာဆန်က မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် သံတမန်ဟောင်း Othman Hashim ကို ခန့်အပ်ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ကြေညာနေစဉ် (Photo: Bernama)