ဇန်နဝါရီ ၂၄ ရက်
အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များဖြင့် နာမည်ကြီးသည့် မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် တရုတ်နှစ်သစ်ကူးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ရွှေကုက္ကိုလ်ဒေသခံနှင့် သတင်းရင်းမြစ်များထံက သိရသည်။
ဇန်နဝါရီ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရွှေကုက္ကိုလ်မြိုင်မြို့သစ်ရှိ ရထိုက် ဆိုက်နံပါတ် (၃) ရှိ DJ ကွင်းတွင် ပြုလုပ်မည့် တရုတ်နှစ်သစ်ကူးပွဲတွင် မြန်မာအဆိုတော်များဖြစ်သည့် ဝိုင်းစုခိုင်သိန်း၊ ဟဲလေး၊ ယွန်းမြတ်သူ၊ သာဒီးလူ၊ Bobby Soxer စသည့် အဆိုတော်များလည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
” Free (အလကား) ပွဲ၊ DJ တွေရော ဝိုင်းစုခိုင်သိန်းတို့ သာဒီးလူတို့ ပါတယ်။ အကုန် ဝင်ကြည့်လို့ရတယ် အကြီးအကျယ်လုပ်မှာ” ဟု ရွှေကုက္ကိုလ်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ယနေ့ (ဇန်နဝါရီ ၂၄ ရက်) တွင် ပြောသည်။
လက်ရှိတွင် အဆိုပါ တရုတ်နှစ်သစ်ကူးပွဲအတွက် ပွဲပြုလုပ်မည့်နေရာတွင် စတိတ်စင် ပြင်ဆင်နေပြီး သွားရောက်ဖျော်ဖြေမည့် မြန်မာအဆိုတော်များအား ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများလည်း ရှိနေသည်။
” အပြင်မှာသာ ကျားဖြန့်တွေ ဖမ်းမယ်။ ရွှေကုက္ကိုလ်ဝင်စီးမယ် အသံတွေ မျိုးစုံထွက်နေတာ၊ ဒီမှာက အေးဆေးပဲ။ ဆောက်လုပ်ရေးအသစ်တွေ ဆောက်တဲ့သူဆောက်၊ လူခေါ်တဲ့သူက ခေါ်၊ သွားလာနေကြတာပဲ။ ဒါပေမဲ့ BGF ကတော့ ဒီရက်ထဲ ကားတွေနဲ့ အပြင်ထွက်တာတွေရှိတယ်။ ကျန်တာ ဘာမှမထူးခြားဘူး ပုံမှန်ပဲ” ဟု ရွှေကုက္ကိုလ်ရှိ သတင်းရင်းမြစ်တဦးက ဇန်နဝါရီ ၂၄ ရက် ရွှေကုက္ကိုလ်မြိုင်အတွင်း အခြေအနေကို ပြောသည်။
တရုတ်သရုပ်ဆောင် ဝမ်ရှင်း သည် ထိုင်း- မြန်မာနယ်စပ်မှတဆင့် မြဝတီခရိုင်အတွင်းရှိ ကျားဖြန့်လုပ်ငန်းအတွင်း ပြီးခဲ့သည့် ဇန်နဝါရီလ အစောပိုင်းက လူကုန်ကူးခံရမှု ဖြစ်ပွားပြီးနောက်တွင် နိုင်ငံအများ၏ အာရုံစိုက်မှုခံလာရသည့် ကျားဖြန့်လုပ်ငန်းများ အခြေချရာ နေရာများတွင် ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာရွှေကုက္ကိုလ်မြိုင်သည်လည်း တနေရာ အပါအဝင် ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်အပြီးနောက်ပိုင်းတွင် ထိုင်း အာဏာပိုင်များကလည်း မြဝတီခရိုင်နှင့် ထိစပ်နေသည့် နယ်စပ်လမ်းကြောင်းတလျှောက် လုံခြုံရေး တိုးမြှင့်၊ အစစ်အဆေးများ တင်းကြပ်လာသည်။
ထို့ပြင် တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့ ပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၏ သင့်လျှော်သောအချိန်ကောင်းတွင် ဒေသဆိုင်ရာ ဆက်သွယ်ရေးလိမ်လည်မှု၊ ကွင်းဆက်ရာဇဝတ်မှုများနှင့် လက်နက်ခဲယမ်းမှောင်ခိုမှုများကို တိုက်ဖျက်ရန် “ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ ကရင်နယ်ခြားစောင့်တပ် (BGF) ကလည်း ၎င်းတို့ထိန်းချုပ်ရာ နယ်မြေများအတွင်းရှိ ကျားဖြန့်လုပ်ငန်းများကို နိုင်ငံတကာ အစိုးရ၊ အဖွဲ့အစည်းများနှင့် လက်တွဲပြီး တားဆီးတိုက်ဖျက်သွားမည်ဟု ဇန်နဝါရီ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ထားခြင်းရှိသည်။
ကျားဖြန့် တိုက်ဖျက်ရေးအကြောင်း ပြောကြားမှုများ ပိုမို ကျယ်ပြန့်လာပြီးနောက် ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်ခရိုင်အတွင်းရှိ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး၊ KK Park၊ AA Park၊ 999၊ ဝမ်းခါ အပါအဝင် မြဝတီခရိုင်အတွင်းရှိ ကျားဖြန့်လုပ်ငန်းအချို့ နေရာပြောင်းရွှေ့နေကြကြောင်း သတင်းများ ထွက်ပေါ်လာနေသည်။
ရွှေကုက္ကိုလ်မြိုင်အတွင်း ကျားဖြန့်လုပ်ငန်းများကို ကိုင်တွယ်အရေးယူနေသည့် အခြေအနေများနှင့် ပတ်သက်၍ BGF မှ ဗိုလ်တင်ဝင်းထံ မဇ္ဈိမမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိသေးပါ။
စာတည်း။ ။အောင်ကျော်ဖြိုး
ပုံအညွှန်း – တရုတ်နှစ်သစ်ကူးပွဲ ကျင်းပရန် ရွှေကုက္ကိုလ်မြိုင်အတွင်း စတိတ်စင် ပြင်ဆင်နေပုံကို တွေ့ရစဉ်
ဓာတ်ပုံ- CJ
Mizzima – News in Burmese