(မဇ္ဈိမ) ။ ။ စစ်ကောင်စီက အရေးပေါ်ကာလကို နောက်ထပ် ခြောက်လ ထပ်မံသက်တမ်းတိုးပြီးနောက် ယနေ့ (ဇန်နဝါရီလ ၃၁ ) ညပိုင်းတွင် စစ်ကောင်စီနှင့် စစ်ကောင်စီ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းရာ ဒေါ်သက်သက်ခိုင်အပါအဝင် ဝန်ကြီးအချို့ ရာထူးက ထုတ်ပယ်ခံရသည်။
စစ်ကောင်စီခန့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဦးမင်းသိန်းဇံနှင့် အလုပ်သမားဝန်ကြီး ဦးမြင့်နောင်တို့ကို တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီက ယနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို နယ်စပ်ရေးရာဝန်ကြီးအဖြစ် ခန့်အပ်ပြီး နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်သည်။
စစ်ကောင်စီကို ယခင် အဖွဲ့ဝင် ၁၈ ဦးမှ ၁၆ ဦးသို့ ပြင်ဆင်ဖွဲ့စည်းရာ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ မပါဝင်တော့ဘဲ ဥက္ကဋ္ဌ ရာထူးယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ကျန်သည့်သူများက ယခင်အတိုင်းပင်ဖြစ်သည်။ ဖယ်ရှားခံရသူနှစ်ဦးကိုမူ စစ်ကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်များအဖြစ် ပြောင်းလဲခန့်အပ်သည်ဟုဆိုသည်။
စစ်ကောင်စီအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းကြောင်းထုတ်ပြန်ချက်တွင်လည်း ဝန်ကြီး၊ ဒုဝန်ကြီးအချို့အနားပေးခံရပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် အများစုသည် အပြောင်းအလဲမရှိပေ။
စစ်ကောင်စီအစိုးရအဖွဲ့တွင် လစ်လပ်သွားသည့် ဟိုတယ်၊ ခရီးဝန်ကြီးနေရာတွင် ဦးကျော်စိုးဝင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးနေရာတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး Jeng Phang နော်တောင်၊ အလုပ်သမားဝန်ကြီးနေရာတွင် ဦးချစ်ဆွေနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးနေရာတွင် ဦးခွန်သန့်ဇော်ထူးတို့ကို အစားထိုးပြီး ယခင်တည်းက လစ်လပ်နေသည့် စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ဝန်ကြီးနေရာတွင် ဦးမောင်မောင်တင့်ကို ခန့်အပ်သည်။
အနားပေးခံရသည့်အထဲတွင် စစ်ကောင်စီ၏ ပညာရေး ဒုဝန်ကြီး ဦးမိုးဇော်ထွန်းလည်း ပါဝင်ပြီး ပညာရေးဒုဝန်ကြီးအဖြစ် ဦးနေမျိုးလှိုင်နှင့် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ဗိုလ်ချုပ်အောင်ကျော်ကျော်တို့က အသစ်ခန့်အပ်ခံရသည်။
လက်ရှိ စစ်ကောင်စီက ရာထူးက ထုတ်ပယ်လိုက်သည့် ဒေါ်သက်သက်ခိုင်သည် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ၏ ဥက္ကဋ္ဌဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် လူ၊ကယ်၊ပြန် ဝန်ကြီး၊ ဟိုတယ်၊ခရီးဝန်ကြီး တို့အဖြစ် စစ်ကောင်စီ၏ ယခင်အပြောင်းအလဲများတွင် ဖယ်ရှားမခံခဲ့ရသည့် ကာလရှည် ဝန်ကြီးရာထူးရရှိခဲ့သူဖြစ်သည်။
ပုံအညွှန်း – PPP ပါတီ ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကို ၂၀၂၂ ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့တွင် တွေ့ရစဥ် (ဓာတ်ပုံ – MOI)