ဖေဖေါ်ဝါရီ – ၁
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ တင်သားကျေးရွာ ကျေးလက်ဆေးရုံနဲ့ ကုက္ကိုလ်ရွာ စာသင်ကျောင်းကို မနေ့က ညနေပိုင်း စစ်အုပ်စုက ရဟတ်ယာဉ်နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့ရာ ကလေးသူငယ်တွေ အပါအဝင် စစ်ရှောင်ပြည်သူ ၁၁ဦး ပွဲချင်းပြီး သေဆုံးကာ ၃၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ဇန်နဝါရီလ ၃၁ရက် ညနေ ၅နာရီခွဲအချိန်မှာ စစ်အုပ်စုက တင်သားကျေးရွာမှာရှိတဲ့ အရပ်ဘက် ကျေးလက် ဆေးရုံ (ခဏတာအရိပ်ဆေးရုံ)နဲ့ ကုက္ကိုလ်ကျေးရွာ စာသင်ကျောင်းတို့ကို စစ်ရဟတ်ယာဉ်နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခံရလို့ စစ်ရှောင် ပြည်သူတွေ ဖြစ်တဲ့ ကျောင်းသားအရွယ် ကလေးငယ် လေးဦးနဲ့ အမျိုးသမီး ခုနှစ်ဦး၊ စုစုပေါင်း ၁၁ဦး ပွဲချင်းပြီး သေဆုံးကာ ၃၀ကျော် ဒဏ်ရာ ရတယ်လို့ အလောင်းကောက်ပေး နေသူ ဒေသခံ တစ်ဦးက MFP ကို ပြောပါတယ်။
“ကလေးတွေ ပါတာပေါ့၊ လေးယောက်။ ငယ်ငယ်လေးရော ပါတယ်၊ သုံးနှစ် ဝန်းကျင်။ body (ခန္ဓာကိုယ်က) တွေက (ကောက်)မရတာတွေ ရှိသေးတယ်။ ပြတ်ထွက် တွေ”
သေဆုံးသူ ၁၁ ဦးအနက် တစ်အိမ်တည်းနေ မိသားစု နှစ်စု ထက်မနည်း ပါဝင်ပြီး တချို့က ဆေးခန်းထဲမှာ သေဆုံးကာ တချို့ကတော့ စစ်ဘေးတိမ်းရှောင် နေထိုင်ရာ နေရာမှာ သေဆုံးတယ်လို့ ဆိုပါတယ်။
“သေတာက အမျိူးသမီး ခုနှစ်ယောက်၊ ကလေး လေးယောက်၊ ဒါပဲ လောလောဆယ် သိရသေးတယ်။ သေတာက တချိုက စစ်ရှောင်တဲ့နေရာ၊ တချိုက ဆေးခန်းထဲမှာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက ဗုံးကြဲ သတ်ဖြတ်ပြီးနောက် လေယာဉ်တွေ ဆက်တိုက် ပျံဝဲနေတာကြောင့် ဒီနေ့လည်ပိုင်းမှသာ အလောင်းတွေ အားလုံးကို ကောက်ယူနိုင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အလောင်းတွေက လက်ပြတ်၊ ခြေပြတ်ဆိုတော့ တစစီ လိုက်ကောက် နေရတယ်” လို့ ဒေသခံက ဆိုပါတယ်။
ဒဏ်ရာရသူ ၃၀ ကျော်ထဲက အမျိုးသား သုံးဦးနဲ့ အမျိုးသမီး တစ်ဦးဟာလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
သေဆုံးသူနဲ့ ဒဏ်ရာ ရရှိသူတွေဟာ ကလေးမြို့နယ် အင်းကျွန်း၊ ကျောက်ပြုတ်စတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူတွေ ဖြစ်ပြီး စစ်အုပ်စုက အဲဒီ ကျေးရွာတွေကို ၂၀၂၂ အတွင်း စီးနင်းလုယက် မီးရှို့ဖျက်ဆီးလို့ နေစရာအိမ် မရှိတော့သလို ရွာမှာ မနေဝံ့ဘဲ ကုက္ကိုလ်ကျေးရွာဘက် စစ်ဘေးတိမ်းရှောင် လာရောက်နေထိုင်ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီလို စစ်ရှောင်ပြည်သူတွေကို ပစ်မှတ်ထားကာ စစ်အုပ်စု ဗုံးကြဲ ပစ်ခတ်သတ်ဖြတ်တာကြောင့် တင်သားနဲ့ ကုက္ကိုလ်ရွာ အပါအဝင် ဒိုးနွယ်၊ အရှေ့စည်း၊ မြောက်စည်း၊ ရေရှင်၊ ရှားတော၊ ကြံသာ စတဲ့ ကလေးနယ် တောင်ပိုင်း ကျေးရွာတွေက ဒေသခံပြည်သူတွေရော၊ စစ်ရှောင်ပြည်သူတွေပါ စုစုပေါင်း လူဦးရေ ၂၀,၀၀၀ ကျော် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နကြေတယ်လို့ တင်သားကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
“လူတော်တော်များများကတော့ ရှောင်နေကြပြီ။ လေကြောင်းက မကွေးဘက်ကော၊ ချင်းဘက်မှာကော၊ တမူးမှာကော စိပ်နေတာဆိုတော့ ရှောင်ကြပြီ”
စစ်အုပ်စုဟာ ယခုရက်ပိုင်း စစ်ကိုင်းတိုင်းထဲက လူနေရပ်ကွက်နဲ့ ကျေးရွာတွေကို ဗုံးကြဲသတ်ဖြတ်တာတွေ ဆက်တိုက် လုပ်နေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၈ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ရဲ့မြောက်ဘက် ချင်းတွင်းမြစ်ရိုးမှာ တည်ရှိတဲ့ ရွာ နှစ်ရွာကို စစ်အုပ်စုက MI -2 တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ဗုံးကြဲပစ်ခတ် သတ်ဖြတ်ခဲ့ရာ ဒေသခံတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဇန်နဝါရီလ ၁၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့ အမှတ် ၁ ရက်ကွက်နဲ့ မြို့အနီးရှိ ကနန်ကျေးရွာကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့ရာ သုံးနှစ်အရွယ် ကလေးငယ်နဲ့ ပြည်သူ့လုံခြုံရေး ရဲဘော်တစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာ ရခဲ့သလို အဲ့ဒီ ဇန်နဝါရီလ ၁၆ ရက်မှာပဲ စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော် မြို့နယ်ထဲက တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မော်လူးမြို့ကို စစ်အုပ်စုက ဂျက်ဖိုက်တာ တိုက် လေယာဉ်နဲ့ ဗုံးလေးလုံး ကြဲချတိုက်ခိုက်ရာ မြို့ခံ ဈေးသည် အမျိုးသမီးတစ်ဦးနဲ့ ခရီးသွားကားသမား အမျိုးသား နှစ်ဦး စုစုပေါင်း သုံးဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဇန်နဝါရီလ ၁၈ရက်ကလည်း ကလေးမြို့နယ်၊ ကလေး-တမူး လမ်းမကြီးဘေးမှာ တည်ရှိတဲ့ ကျွန်းတောရေရှင် ကျေးရွာအနီးကို စစ်အုပ်စုက ဗုံးကြဲစတ်ဖြတ်ခဲ့ရာ တော်လှန်ရေး ရဲဘော် သုံးဦး ကျဆုံးကာ ကိုးဦးထက်မနည်း ဒဏ်ရာ ရခဲ့ပါတယ်။
ကလေးမြို့နယ် တောင်ပိုင်းက ကျေးလက်ဆေးရုံနဲ့ စာသင်ကျောင်းကို စစ်အုပ်စုက ဗုံးကြဲပစ်ခတ် သတ်ဖြတ်လို့ သေဆုံးသူနဲ့ အပျက်အစီး
တွေ/Photo – ပေးပို့
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
Mandalay_Free_Press_MFP