နိရဉ္စရာ၊ ဖေဖော်ဝါရီ ၆/၂၀၂၅
ရခိုင်ပြည်၊ စစ်တွေမြို့ပြင်နေရာသုံးခုမှပစ်ခတ်သံများကိုကြားရပြီး AA နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန် ပစ်ခတ်နေပုံရသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“အနီးကပ်ရော၊အဝေးကနေရော အပြန်အလှန်ပစ်နေကြတဲ့သေနတ်သံတွေကြားနေရတယ်။ ညဖက်မှာပိုပစ်တယ်။တိုက်ပွဲလား။ဘာဖြစ်နေမှန်းတော့ မသိရဘူး။ အခုသုံးနေရာက အဓိကပစ်နေကြတာ။ အခုဒီနေ့အထိလည်း ပစ်ခတ်မှုတွေရှိနေသေးတယ်” ဟု ယနေ့ ဖေဖော်ဝါရီ ၆ ရက်၊ မွန်းလွဲပိုင်းတွင်၎င်းကပြောသည်။
ပစ်ခတ်သံကြားရသောနေရာများမှာ စစ်တွေမြို့ပြင်ဖြစ်ကြသည့် ကျားမသောက်၊ တောကန်နှင့် ဝါဘိုကျေးရွာတို့အနီးတို့မှဖြစ်ပြီးယမန်နေ့ ဖေဖော်ဝါရီ ၅ရက်၊ ညအချိန်မှစတင်ကာ ယနေ့ ဖေဖော်ဝါရီ ၆ ရက်၊ မွန်းလွဲပိုင်းအထိလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုရှိခဲ့သည်ဟုဆိုသည်။
စစ်တွေမြို့နယ်အတွင်း အာရက္ခတပ်တော် (AA) သည် စစ်တွေမြို့နယ်အတွင်းသို့ ထိုးဖောက် ဝင်ရောက်လှုပ်ရှားမှုများရှိနေပြီး ဝါဘို၊ မင်းလှ၊ ညိုရောင်ချောင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိနေသည်ဟု သိရသည်။
စစ်ကောင်စီကလည်း ၎င်းနေရာများကို လေယာဉ်မှ ဗုံးကြဲသလို မြစ်ပြင်က နေဗီများနှင့် စစ်တွေအခြေစိုက် တပ်ရင်းများကလည်း လက်နက်ကြီးများနှင့် ပစ်ခတ်မှုများလည်း ရှိခဲ့သည်ဟု သိရသည်။
AA သတင်းပြန်ကြားရေး၏ ဇန်နဝါရီ ၂၇ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင်လည်း စစ်တွေမြို့အနီးပတ်ဝန်းကျင်၌ AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေခဲ့သည်ဟုဖော်ပြသည်။
ယင်းနောက်ပိုင်းတွင် AA ၏ စစ်ရေးသတင်းထုတ်ပြန်ချက်များမရှိသေးသဖြင့် လက်ရှိ စစ်တွေမြို့နယ်အတွင်းဖြစ်ပွားနေသည့် ပစ်ခတ်မှုများနှင့် ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား ဆက်သွယ်မေးမြန်းထားရာ လက်ရှိအချိန်ထိ အကြောင်းပြန်ကြားမှု မရှိသေးပါ။
၎င်းပြင်စစ်တွေမြို့ပြင်တွင်ပစ်ခတ်မှုများတစ်နေ့ထက် တစ်နေ့ဖြစ်ပွားမှုများလာပြီးနောက်စစ်ကောင်စီက မြို့တွင်းထဲတွင် လုံခြုံရေးပိုပိုယူလာကာ မြို့ခံများအကြားတွင်လည်းစိုးရိမ်မှုများရှိနေကြာသည်ဟု စစ်တွေဒေသခံများမှတစ်ဆင့် သိရှိရသည်။
စစ်တွေမြို့ထဲရှိ အမှတ်(၁၂)ရဲတပ်ရင်း အပါအဝင် စစ်ကောင်စီတပ်ရင်း တချို့မှနေ၍လည်း ဒရုန်းများလွှတ်တင်မှုနှင့် လက်နက်ကြီးများဖြင့်ပစ်ကူပေးမှုများလည်းမကြာခဏပြုလုပ်နေသည်ဟု စစ်တွေမြို့ခံအမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“မနေ့ညက အမှတ် (၁၂)ရဲတပ်ရင်းကနေ ဒရုန်းတွေလွှတ်တယ်။ လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်တာတွေရှိခဲ့တယ်” ဟုပြောသည်။
ယခုရက်ပိုင်းအတွင်းတွင်စစ်တွေမြို့၏ မြို့ပြင်တွင်ရှိသည့် စစ်ကောင်စီ၏ ဂိတ်စခန်းတချို့ဖြစ်သောစစ်တွေ-ရန်ကုန်ကားလမ်းပေါ်ရှိ အမြင့်ကျွန်း၊ ပါဒလိတ်၊ ကျားမသောက်ဂိတ်၊အောင်မင်္ဂလာ၊ ကြွဲတဲ၊ ပါဒလိတ်စသည့် ဂိတ်စခန်းတချို့ကို AA က စနိုက်ပါဖြင့်ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှုများရှိနေကြောင်း သိရသည်။
ဓာတ်ပုံ – AA Info Desk