People’s Spring
ကျားဖြန့်နှိမ်နင်းရေးအတွက် ထိုင်းအစိုးရက မြန်မာဘက် မြဝတီမြို့ဆီ စက်သုံးဆီပေးပို့တာကိုရပ်တန့်လိုက်တဲ့အပေါ် အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံသူ အမျိုးသားရေး လှုပ်ရှားသူ သူရိန်မင်းထွန်း ဦးဆောင်တဲ့အဖွဲ့က မနက်ဖြန် (ဖေဖော်ဝါရီ ၈ ရက်) မှာ မြဝတီမြို့မှာ ထိုင်းကိုဆန့်ကျင်ဆန္ဒပြမယ်လို့သိရပါတယ်။
ဆန္ဒပြပွဲကို မနက်ဖြန်မနက် ၉ နာရီမှာ မြဝတီမြို့ ၊ မြစန္ဒီပန်းခြံမှာ စုဝေးပြီး ထိုင်း – မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတား ၊ အမှတ် (၂) တံတားထိပ်တွေဆီ စီတန်းလှည့်လည် ဆန္ဒပြမယ်လို့ သူရိန်မင်းထွန်းက သူရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးတင်ထားပါတယ်။
ထိုင်းဘက်က မြဝတီ ဆီ စက်သုံးဆီ နဲ့ ဂတ်စ်တင်ပို့တာ ရပ်တန့်လိုက်တာကြောင့် တန်ပြန်တဲ့အနေနဲ့ ထိုင်းကုန်စည်တွေ စီးဆင်းမှုကို လည်းပိတ်ပင်ဖို့ ဆန္ဒပြကြမှာလို့ သိရပါတယ်။
ဒါပေမယ့် ဆန္ဒပြပွဲကိုတော့ မြဝတီမြို့ခံတွေဆန္ဒထုတ်ဖော်မယ်ဆိုပြီး ခေါင်းစဉ်တပ်ထားပါတယ်။
ထိုင်းနဲ့မြန်မာ တရားဝင်ကုန်သွယ်ရာ မြဝတီမြို့ရှိ အမှတ် (၁) နဲ့ အမှတ်(၂) တံတား အပြင် နယ်ခြားမြစ်ဖြစ်တဲ့ သောင်ရင်းမြစ်တလျောက် က ဂိတ်တွေကိုပါပိတ်ပြီး ထိုင်းကုန်စည်တွေ မြန်မာဘက် အဝင်မခံဖို့ လမ်းပေါ် ထွက် ဆန္ဒပြရမယ့်အချိန် ရောက်လာပြီလို့ စစ်တပ်ထောက်ခံသူ သူရိန်မင်းထွန်းက လှုံ့ဆော်ရေးသားထားပါတယ်။
“ဝါးရင်းတုတ်တွေ ဆောင်ထားကြဖို့ အချိန်တန်ပြီ” လို့လည်း ထိုင်းနိုင်ငံကို ရည်ရွယ်ပြီး သူရိန်မင်းထွန်းက သူ့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်မှာ ဖေဖော်ဝါရီလ ၆ ရက်က ထိုင်းမုန်းတီးရေးလှုံ့ဆော်ရေးသားထားပါတယ်။
ထိုင်းကိုဆန့်ကျင်ဆန္ဒပြပွဲခွင့်ပြုမိန့်ကို မြဝတီမြို့ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က ခွင့်ပြုထားတယ်လို့သိရပါတယ်။
ကျားဖြန့် အွန်လိုင်းလိမ်လည်မှုတွေကို ဆန္ဒမပြ ၊မရှုတ်ချဘဲ ထိုင်းနိုင်ငံကို ဦးတည်ပြီး ဆန္ဒပြမယ့် လုပ်ရပ်ကို မထောက်ခံဘူးလို့ မြဝတီမြို့ခံအချို့က People’s Spring အသိပေးပါတယ်။
မနက်ဖြန် ဆန္ဒပြပွဲကို ဦးဆောင်မယ့် သူရိန်မင်းထွန်းဟာ အာဏာသိမ်းစစ်ကောင်စီ ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေမှာ ဦးဆောင်ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။
ထိုင်း – မြန်မာ နယ်စပ် မြဝတီဘက်ခြမ်းမှာ ရှိတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသားတွေ ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း လူကုန်ကူးခံရတာတွေရှိလာပြီးနောက် အဲဒီဒေသက ကျားဖြန့် တွေကို နှိမ်နင်းဖို့ တရုတ်က ထိုင်းနဲ့ မြန်မာကို ဖိအားပေးထားပါတယ်။
ကျားဖြန့်လုပ်ငန်းတွေရဲ့ လူကုန်ကူးမှုတွေကြောင့် ထိုင်းနိုင်ငံ ရဲ့ခရီးသွားလုပ်ငန်း ထိခိုက်နိုင်တဲ့အတွက် မြန်မာနယ်စပ်က ကျားဖြန့်အရေး ကို ကိုင်တွယ်ရမယ်လို့ ထိုင်းအစိုးရက ထုတ်ပြောခဲ့ပါတယ်။
မြန်မာစစ်ကောင်စီကတော့ ကျားဖြန့် လုပ်ငန်းတွေဟာ ထိုင်းဘက်က လျှပ်စစ်မီးပေးထားတာကြောင့် လည်ပတ်နေကြတာလို့ အပြစ်တင်စွပ်စွဲထားပါတယ်။
အဲဒီနောက်မှာ ထိုင်းအစိုးရက မြန်မာဘက်က နေရာ ငါးခုဆီ မီးပေးတာကို ဖေဖော်ဝါရီ ၅ ရက်မနက်ပိုင်းကစတင်ပြီး မီးဖြတ်လိုက်သလို စက်သုံးဆီ တင်ပို့တာကိုလည်းကန့်သတ်လိုက်တာဖြစ်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်မယ့် စစ်တပ်ထောက်ခံသူ သူရိန်မင်းထွန်း