မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် နတ်ရေကန်ဗျူဟာစခန်းနှင့် အနီးအနားကာကင်းစခန်းများကို အာရက္ခတပ်တော်(AA)က ဝင်ရောက်စီးနင်းတိုက်နေပြီဟု သတင်းရရှိသည်။
အမ်း-ပဒါန်းလမ်းပေါ်ရှိ မတ်စောက်သည့်တောင်ထိပ်ကျောက်နံရံများရှိသည့် နတ်ရေကန်ဗျူဟာစခန်းနှင့် အနီးအနားမှစခန်းငယ်များကို AA က ယမန်နေ့ ဖေဖော်ဝါရီလ ၂၈ ရက်က ဝင်ရောက်စီးနင်းတိုက်ခိုက်နေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်အမျိုးသားတစ်ဦးက နိရဉ္စရာကို ပြောသည်။
“အဲဒီတောင်ထိပ်က စခန်းပေါ်မှာ အင်အားဘယ်လောက်မှ မကျန်တော့ဘူး။ တောင်က မတ်စောက်ပြီးကျဉ်းတယ်။ ကျောက်နံရံတွေလည်း ရှိတယ်။ အဲဒီလက်ကျန်စစ်သားတွေကို AA က ဝင်စီးတိုက်ခိုက်နေတာ။ အနီးအနားကစခန်းတွေမှာလည်း ဖြစ်နေတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ တတိယအပတ်က နတ်ရေကန်ဗျူဟာစခန်းမှ လက်ကျန်စစ်ကောင်စီတပ်သားများကို AA က အလံဖြူထောင်လက်နက်ချရန် ပြောဆိုခဲ့သော်လည်း အလံဖြူမထောင်သလို လက်နက်လည်း မချသဖြင့် စခန်းတွင်ကျန်ရှိနေသည့် စစ်ကောင်စီတပ်သားများကို AA က အခက်ခဲကြားမှ ဝင်ရောက်စီးနင်းတိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့တိုက်ခိုက်နေသဖြင့် တိုက်ပွဲပြင်းနေသည်ဟုလည်း အမ်းဒေသခံမြေပြင်စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက နိရဉ္စရာကို ပြောသည်။
“အလံဖြူထောင်လက်နက်မချဘဲ ပြန်ခုခံနေတော့ AA က ဝင်စီးလိုက်တာ။ ထွက်ပြေးကြတယ်။ ထွက်ပြေးတဲ့သူတွေကို လမ်းမှာ AA က လိုက်ရှင်းလို့ အလင်းဝင်တဲ့သူကဝင်ပြီး တိုက်တဲ့သူက ဆက်တိုက်နေတယ်” ဟု ပြောသည်။
နတ်ရေကန်စခန်းမှ ထွက်ပြေး နောက်ဆုတ်နေသည့် စစ်ကောင်စီတပ်သားများကို AA က လိုက်လံရှင်းလင်းနေရာမှ နတ်ရေကန်နှင့် ဂုတ်ကြီးစခန်းကြားရှိ စခန်းငယ်များတွင် ဆက်တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
နတ်ရေကန် ဗျူဟာစခန်းကုန်းတွင် ယခင်က အင်အား ၄၀၀ ခန့်ရှိပြီး AA က ယခု ဖေဖော်ဝါရီအစပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါနတ်ရေကန်စခန်းနှင့် ကာကင်းစခန်းများမှ တပ်စခန်းစွန့်ထွက်ပြေးလာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တပ်သား(၂၃) ဦးအား လက်နက်များနှင့်အတူ အရှင်ဖမ်းဆီးရမိခဲ့သည်ဟုလည်း အရှိုချင်းကာကွယ်ရေးတပ်(CDF – Asho)က ဖေဖော်ဝါရီလ ၂၆ ရက်တွင် CDF – Asho က သတင်းထုတ်ပြန်ထားသည်။
Photo – AA Info Desk (ပုံဟောင်း)