အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိမ်ဖြူတော် ဘဲဥပုံရုံးခန်း၌ စကား အချေအတင်ဖြစ်ခဲ့သည့် တွေ့ဆုံမှုပြီးနောက် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးသည် မတ်လ ၁ ရက်တွင် ယူကေသို့ ရောက်ရှိလာသည်။
မစ္စတာ ဇယ်လန်စကီးသည် ဖေဖေါ်ဝါရီ ၂၈ ရက်က ဝါရှင်တန်၌ ထရမ့်နှင့် တင်းမာဆိုးဝါးသော တွေ့ဆုံမှုတခုနောက်ပိုင်း မတ်လ ၁ ရက်တွင် လန်ဒန် Stansted လေဆိပ်သို့ ရောက်ရှိခြင်း ဖြစ်သည်။
ဇယ်လန်စကီးနှင့် ထရမ့်တို့ တွေ့ဆုံသည့် အစည်းအဝေး၌ ဇယ်လန်စကီးသည် အမေရိကန်ကို မလေးမစားလုပ်နေသည်ဟု အမေရိကန်ဒုသမ္မတ ဂျေဒီ ဗန့်စ်က စွပ်စွဲခဲ့သေးသည်။ ထိုတွေ့ဆုံမှု ပြိုလဲပျက်ပြားသွားပြီးနောက် မစ္စတာ ဇယ်လန်စကီးလည်း အိမ်ဖြူတော်မှ ထွက်ခွာခဲ့သည်။
မစ္စတာ ထရမ့်က ဒုသမ္မတ ဗန့်စ်၏ ပြောဆိုချက်ကို ထပ်လောင်း ပြောဆိုသလို ကိယက်ဗ်သည် တတိယကမ္ဘာစစ်နှင့် အလောင်းအစားလုပ်နေသည်ဟု ပြောခဲ့သေးသည်။
ဖေဖေါ်ဝါရီ ၂၈ ရက်က Fox News ကို ပြောကြားရာတွင် မစ္စတာ ဇယ်လန်စကီးက “ကျွန်တော် ဆိုးဝါးတဲ့အရာတခုကို လုပ်ခဲ့တယ်လို့ မထင်ပါဘူး။ တချို့ကိစ္စတွေက မီဒီယာပေါ်မရောက်စေဘဲ သီးသန့် ဆွေးနွေးသင့်တဲ့ ကိစ္စတွေလို့ ကျွန်တော် ထင်ပါတယ်” ဟု ပြောသည်။
ဇယ်လန်စကီးနှင့် ထရမ့်သည် အရေးပါသော တွင်းထွက်ပစ္စည်း သဘောတူစာချုပ်တရပ် လက်မှတ်ရေးထိုးရန် ရှိခဲ့သော်လည်း ဇယ်လန်စကီးဘက်က ရုရှားနှင့် ရှေ့ကာလ ငြိမ်းချမ်းရေးသဘောတူညီချက်၏ တစိတ်တပိုင်းအဖြစ် အမေရိကန်ဘက်က လုံခြုံရေးအာမခံချက်များပေးရေးကိစ္စကို ထပ်တလဲလဲ ပြောဆိုပြီးနောက် မစ္စတာ ထရမ့်နှင့် မစ္စတာ ဗန့်စ်တို့က ဒေါသဖြင့် ရမ်းခဲ့သည်။
မစ္စတာ ဇယ်လန်စကီးသည် သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ ပြန်လည်ထွက်ခွာခဲ့သည်။ မစ္စတာ ထရမ့်သည်လည်း တွင်းထွက်ပစ္စည်း သဘောတူညီချက်ကို ပြန်အသက်သွင်းရန် စိတ်ဝင်စားခြင်း မရှိဟု အိမ်ဖြူတော် အကြီးတန်းအရာရှိတဦးက ဖေဖေါ်ဝါရီ ၂၈ ညနေပိုင်းတွင် ပြောသည်။
Mizzima
ထရမ့်နှင့် အခြေအတင်ဖြစ်ခဲ့သော်လည်း မတောင်းပန်နိုင်ဟု ယူကရိန်းသမ္မတ ပြော
ဧရာဝတီ၊
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယနေ့ အိမ်ဖြူတော် ဆွေးနွေးပွဲတွင် အခြေအတင်ဖြစ်ခဲ့သော်လည်း တောင်းပန်ရန် မလိုအပ်ဟု ယူဆကြောင်း ယူကရိန်းသမ္မတ ဇာလန်စကီးက ပြောသည်။
ယနေ့ညပိုင်း အမေရိကန် Fox News ၏ တိုက်ရိုက်ထုတ်လွှင့်အစီအစဉ်သို့ တက်ရောက်ခဲ့ပြီး မေးမြန်းမှုကို ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားထားသည်။
ဇာလန်းစကီးက “မတောင်းပန်ပါဘူး၊ ကျနော် သမ္မတကို လေးစားပါတယ်၊ အမေရိကန်ပြည်သူတွေကိုလည်း လေးစားပါတယ်။ ကျနော်အနေနဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ရှိရမယ်၊ ပြီးတော့ ကျနော်တို့ ဘာမကောင်းတာ လုပ်လိုက်တယ်လို့ မထင်ပါဘူး” ဟု ပြောသည်။
အငြင်းပွားမှုကြောင့် အမေရိကန်-ယူကရိန်း မူလက ကျင်းပရန် စီစဉ်ထားသော ပူးတွဲသတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ရပြီး အမေရိကန်-ယူကရိန်း မြေရှားထုတ်လုပ်မှုဆိုင်ရာ သဘောတူစာချုပ်ကိုလည်း မူလအစီအစဉ်အတိုင်း လက်မှတ်ရေးထိုးရန် ပျက်ကွက်ခဲ့သည်။
ပုံစာ- အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ယူကရိန်းသမ္မတ ဇာလန်စကီးတို့ ယနေ့ အိမ်ဖြူတော် ဆွေးနွေးပွဲမြင်ကွင်း/ CNN