အကြမ်းဖက်သံသယဖြင့် စစ်ဆေးနေကြောင်းသတင်းထုတ်ပြန်
———————–
Myanmar Now
ပြီးခဲ့သည့်စနေနေ့(နိုဝင်ဘာ ၃၀) နံနက်အစောပိုင်းက ကပ္ပလီပင်လယ်ပြင်အတွင်း စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့သည့် ထိုင်းငါးဖမ်းစက်လှေတွင် လိုက်ပါလာသည့် ထိုင်းလေးဦးနှင့် မြန်မာ၂၇ ဦးကို ပြန်မလွှတ်သေးဘဲ အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ်ကြောင်း သံသယဖြင့် စစ်ဆေးနေကြောင်း စစ်ကောင်စီပြောခွင့်ရအရာရှိကဆိုသည်။
မြန်မာနှင့်နယ်နိမိတ်ထိစပ်နေသည့် ရနောင်းခရိုင်ပင်လယ်ပြင်အတွင်း ငါးဖမ်းနေသည့် ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်ထားပြီး လှေပေါ်ပါထိုင်းနိုင်ငံသားလေးဦးကို ပြန်လွှတ်ပေးရန် ထိုင်းအစိုးရက တောင်းဆိုထားသည်။
စစ်ကောင်စီကတော့ ငါးဖမ်းစက်လှေများသည် မြန်မာရေပိုင်နက်အတွင်းဝင်ရောက်ခဲ့သဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လှေပေါ်ပါလာသူများကို အကြမ်းဖက်သံသယဖြင့် စစ်ဆေးနေကြောင်း ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။
“လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများတွေ့ရှိရတဲ့အတွက် စစ်ဆေးလျှက်ရှိပါတယ်” ဟုစစ်ကောင်စီပြောခွင့်ရအရာရှိ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းဌာနများကို ပေးပို့သည့် ကြိုတင်အသံသွင်းထားသည့် ဖြေဆိုချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
စစ်ကောင်စီက “အကြမ်းဖက်အဖွဲ့” ဟုရည်ညွှန်းပြောဆိုခဲ့သော်လည်း အဖွဲ့အစည်းအမည်ကို တိတိကျကျပြောဆိုခဲ့ခြင်းမရှိပါ။ စစ်ကောင်စီသည် ၎င်းတို့ကိုဆန့်ကျင်သည့် အဖွဲ့အစည်းများကို အကြမ်းဖက်အဖွဲ့အဖြစ် မကြာခဏကြေညာလေ့ရှိသည်။
ပုံစာ – ၂၀၁၉ အတွင်းက ကိုကိုးကျွန်းအနီးစစ်ရေးလေ့ကျင့်နေသည့် မြန်မာရေတပ်သင်္ဘော (ဓာတ်ပုံ -စစ်ကောင်စီ)