ရန်ကုန်၊ ဒီဇင်ဘာ ၁၃
ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လို အပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။
ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ် ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အပတ်စဉ် ၈ အတွက် စစ်မှုထမ်းများ ခေါ်ယူရေးနှင့်ပတ် သက်၍ အသိပေးအကြောင်းကြားလာရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း ကျန်းမာသန်စွမ်းသော အမျိုးသားလူငယ်မှန်သမျှသည် နိုင်ငံတော်ကာကွယ် ရေးအတွက် စစ်မှုထမ်းရန် မဖြစ်မနေ တာဝန်ရှိ ကြောင်း၊ စစ်မှုထမ်းများကို ခေါ်ယူရာတွင် သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ အ လှည့် ကျစနစ်ဖြင့် ခေါ်ယူနိုင်သကဲ့သို့ လိုအပ်ပါက ပူး ပေါင်းအဖွဲ့များ ဖွဲ့စည်း၍ ကျန်းမာသန်စွမ်းသော လူငယ်များကို လိုအပ်သလို စစ်ဆေး စုဆောင်းခေါ်ယူနိုင်ကြောင်း၊ ယင်းသို့ ခေါ်ယူမှုများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ တရား ဝင်ပြီး ဥပဒေနှင့်လည်း ကိုက် ညီမှုရှိသည်ဟု အသိပေးလာကြောင်း သိရှိရသည်။
“တချို့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လူမရလို့ မြို့နယ်က စုဆောင်းခိုင်းတဲ့ စစ် မှုထမ်း လူအရေအတွက် မရဘူး။ အဲဒါ မြို့နယ် စီမံရေးကောင်စီဝင် ဗိုလ်မှူးတွေက လမ်းတွေမှာ လူငယ်တွေကို စစ်ဆေးခေါ်ယူဖို့ ၊ တစ်နည်းအားဖြင့် ပေါ်တာဆွဲ ခေါ်ယူဖို့ ညွှန်ကြားပေမယ့် အများစုသော ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဘက်က မလုပ်ရဲကြဘူး။ ပေါ်တာဆွဲခိုင်းတာကို မလုပ်ချင်ကြတာ။ အဲဒါကြောင့် အဲဒီလို လမ်းမှာ စစ်ဆေးပြီး စစ်မှုထမ်းစုဆောင်းတာက တရားဝင်တယ်။ ပြည်သူ့ စစ်မှုထမ်းဥပဒေ အရ ရပ်ကွက်မှာပဲဖြစ်ဖြစ်၊ ကျေးရွာမှာပဲဖြစ် ဖြစ် လမ်းမှာပဲဖြစ်ဖြစ် လူငယ်တွေ ကျန်းမာသန်စွမ်းတယ်၊ အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းဆိုရင် စစ်မှုထမ်းဖို့ စုဆောင်းနိုင်တယ်။ ဒါက ပြည်သူ့ စစ်မှုထမ်းဥပဒေနဲ့ ညီညွတ်တယ်လို့ တိုင်းထွေ/အုပ်ကနေ အသိပေးလာတာ”ဟု မရမ်းကုန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်းအတွင်းတွင် စစ်မှုထမ်းများ တပ်သားသစ်များ စုဆောင်းရာတွင် လူစားထိုးပေးခြင်း၊ စစ်မှုမထမ်းလိုသူများထံမှ ငွေကြေးကောက်ခံ၍ စစ်မှုမထမ်းရန် ရှောင်ရှားနိုင်ရေး ဆောင် ရွက်ပေးခြင်းများ မပြုလုပ်ရန် ရန်ကုန် တိုင်းထွေ/အုပ်က ညွှန်ကြားလာကြောင်း၊ ထိုကဲ့သို့ လုပ် ဆောင်မှုများကို စိစစ်တွေ့ရှိရပါက အရေးယူမည်ဖြစ်ပြီး အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မည်သည့် အမျိုးသားလူငယ်မဆို စစ်မှုထမ်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်ညွှန်ကြားလာကြောင်း သိရှိရသည်။
“ငွေတောင်းတာတွေ အရမ်းများလာလို့ ငွေမတောင်းဖို့ ။ စစ်မှုထမ်းနဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ် ယူတွေ မလုပ်ဖို့။ အဲဒါတွေ စိစစ်တွေ့ရှိရင် အရေးယူခံရမယ်ဆိုတာမျိုးလည်း အသိပေးတယ်။ လက်ရှိမှာတော့ ရပ်ကွက်တစ်ခုကို စစ်မှုထမ်း အရေအတွက် ၂ ဦးကနေ ၄ ဦးအထိ အနည်းဆုံး စုဆောင်းခိုင်းတယ်” ဟု မရမ်းကုန်းမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်က ဆက်လက်ရှင်းပြသည်။
ယင်းအပြင် စစ်မှုထမ်းရန် လူငယ်များကို စုဆောင်းရာတွင် နောင်လာမည့် စစ်မှုထမ်းအပတ်စဉ်များအတွက် ကြိုတင်၍ စုဆောင်းထားရန်ကိုပါ ညွှန်ကြားလာကြောင်း၊ အနီးကပ်မှ လူစုဆောင်းရာတွင် မပြည့်မီပါက စစ်မှုထမ်အပတ်စဉ် သင်တန်းများ ဖွင့်လှစ်ရန် နောက်ကျ ကြန့်ကြာမှုများဖြစ်နိုင်သဖြင့် လူစုဆောင်းမှုများကို တင်ကြို၍ လုပ်ဆောင်ထားကြရန် ရန်ကုန်တိုင်းထွေ/အုပ်က အသိပေးညွှန်ကြားလာကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်၊ လမ်းများပေါ်တွင် ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)