ရခိုင်ပြည်နှင့် ဗမာပြည်အား ဆက်သွယ်ထားသည့် အမ်း၊ တောင်ကုတ်နှင့် ဂွ ရိုးလမ်းပေါ်ရှိ စစ်ကောင်စီ စခန်းများအားလုံးနီးပါးကို အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များကို သိမ်းပိုက်လိုက်ပြီဟု ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။
အမ်-ပဒါန်းလမ်းပေါ်ရှိ ရိုးမလမ်းပေါ်ရှိ တောင်စောက်စခန်းများအပါအဝင် နတ်ရေကန် တစ်ရောက်ထိ စစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်လိုက်သလို တောင်ကုတ်နှင့် ပန်းတောင်းလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီဟု ၎င်းသတင်းရင်းမြစ်က အတည်ပြုသည်။
၎င်းပြင် ဂွ ငသိုင်းချောင်းလမ်းပေါ်ရှိ ၂၄ မိုင် အထိုင်ချထားသည့် အမြောက်စခန်း၊ ၂၅ မိုင် ဗေဒါစခန်းတို့ကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ခုက “ အမ်း- ပဒါန်းလမ်းပေါ်မှာဆိုရင် အမ်းနဲ့ နတ်ရေကန်ကြားမှာ ရှိတဲ့ တောင်စောက်စခန်းတွေ အပါအဝင် တရုတ်စီမံကိန်းတွေကို အစောင့်ချထားတဲ့ စခန်းတွေကို အကုန်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ကျန်တာက နတ်ရေကန်နဲ့ ကံမြင့်ကန်စစ်ဆေးရေး စခန်းတွေဘဲ ကျန်ပါတော့တယ်” ဟု ပြောသည်။
အဆိုပါ စစ်ဆေးရေးဂိတ် ၂ ခုတွင်လည်း ကံမြင့်ကန်စစ်ဆေးရေးဂိတ်ကို AAနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။
“နတ်ရေကန်ကတော့ နည်းနည်းအင်အားအများပြားနဲ့ ပြင်ဆင်ထားတာမျိုးတော့ရှိတယ်။ လေယာဉ်တွေ ပစ်ကူနဲ့ ခုခံဖို့ အသေအချာပြင်ထားတယ်။ ဒါပေမယ့် ရေရှည်ဖြတ်တောက် ခံထားရရင်တော့ တောင့်ခံဖို့မလွယ်ဘူး။ အဓိက ရေအခက်အခဲရှိတယ်။ ကံမြင့်ကန်ကို ဆက်တိုက်နေတော့ ဒီနေ့လား၊ မနက်ဖြန်လား။ အဲဒီစခန်း ကျသွားနိုင်တယ်” ဟု ပြောသည်။
ရခိုင်ပြည်၊ တောင်ကုတ်- ပန်းတောင်း ရိုးလမ်းပေါ်က စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကြီးတောင်ပုံကြီးစခန်းကို အာရက္ခတပ်တော်(AA)မှ သိမ်းပိုက်လိုက်ကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။
တောင်ကုတ်နှင့် ပြည် ဆက်စပ်နေသည့်တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်ရှိ စစ် ကောင် စီ၏နောက်ဆုံးကျန်နေသည့်တောင်ပုံကြီးစခန်းကို အာရက္ခတပ်တော်(AA)မှ ဇန်နဝါရီ ၅ရက်နေ့ကတည်းကသိမ်းပိုက်ထားပြီဖြစ်ကြောင်းသိရသည်။
တောင်ပုံကြီးစခန်းကို စစ်ကောင်စီမှ အင်အားရာနှင့်ချီဖြည့်တင်းပြီးခုခံနေသည့်ကြားက အာရက္ခတပ်တော်မှ သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု တောင်ကုတ်ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာ ကိုပြောသည်။
” သိမ်းထားတာက ၃ရက်လောက်ရှိပြီး။စစ်ကူအင်အားအများအပြားနဲ့ခုခံနေတာ၊ဂျက်ကလည်းအဆက်မပြတ်ပစ်တယ်။အဲ့ဒီကြားကသိမ်းလိုက်နိုင်တာ။ဒါပေမယ့် စစ်ကောင်စီကဗုံးကြဲလိုက် လက်နက်ကြီးပစ်လိုက်လုပ်နေသေးတယ်” ဟုပြောသည်။
တောင်ပုံကြီးစခန်းတွင် တောင်ကုတ် စကခ(၅)မှ ထွက်ပြေးသွားသည့် ဗိုလ်မှူးကောင်းမြတ်ကဦးဆောင်ကာ ခုခံတိုက်ခိုက်ခဲ့သော်လည်း လက်ရှိတွင်ဗိုလ်မှူးကောင်းမြတ်အပါအဝင် စစ်ကောင်စီတပ်သားတချို့မှာ အကျအဆုံးများဖြင့် တောင်ပုံကြီးစခန်းမှ ကစဉ့်ကလျားထွက်ပြေးသွားကြသည်ဟု သိရသည်။
အဆိုပါထွက်ပြေးသွားသည့် စစ်ကောင်စီ လက်ကျန်အဖွဲ့များနှင့်အာရက္ခတပ်တော်တို့ ရိုးပေါ်တွင် တိုက်ပွဲဆက်ရှိနေသေးကြောင်းစစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
ယင်းတောင်ပုံကြီးစခန်းကို ပြည်ခရိုင် ဥသျှစ်ပင်မြို့မှ စစ်ကူအင်အား ၁၅၀ ခန့်စေလွတ်ထားပြီး AA၏ ကြားဖြတ်တိုက်ခိုက်ခြင်းကိုခံရကာ စစ်ကောင်စီတပ်သားအမြောက်အများထွက်ပြေးနေကြောင်း သိရသည်။
အဆိုပါစခန်းမှ စစ်ကောင်စီတပ်သားအများအပြားဖမ်းဆီးရမိထားပြီး အများအပြားသေဆုံးဒဏ်ရာရထားကြောင်းသိရသည်။
ပဲခူးတိုင်း၊ပြည်မြို့၊ ဥသျှစ်ပင်အနီး တောင်ကုတ်-ပန်းတောင်း ရိုးလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကို အာရက္ခတပ်တော် (AA) ကဇန်နဝါရီ ၁ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။
အလားတူ အာရက္ခတပ်တော်(AA)နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က ဂွ- ငသိုင်းချောင်း ရိုးလမ်းပေါ်ရှိ ဗေဒါ စစ်ဆေးရေးဂိတ်နှင့် အနီးအနားရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်မှာ အကျအဆုံးများစွာဖြင့် “မြယာ” သို့ နောက်ဆုတ်သွားသည်ဟု သတင်းရရှိသည်။
“စစ်တပ်က အကျအဆုံးများစွာနဲ့ မြယာသို့ နောက်ဆုတ်သွားပြီလို့ သိရပါတယ်။ မြယာဆိုတာက ရိုးပေါ်က ဗေဒါနဲ့ ငသိုင်းချောင်း အမတ ၃၄၄ အကြားမှာ တည်ရှိပါတယ်။ အခု စစ်တပ်က အလောင်းတွေတောင် မကောက်နိုင်ဘဲ တပ်ဆုတ်လာရတယ်လို့ သိရပါတယ်”ဟု ဒေသ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဂွမြို့နယ်နှင့်ဧရာဝတိုင်းဒေသကြီး ငသိုင်းချောင်းမြို့ကြားက ရိုးပေါ်ရှိ ၂၄ မိုင်တွင် အထိုင်ချထားသည့် စစ်ကောင်စီအမြောက်စခန်း နှင့် ၂၅ မိုင် ဗေဒါစစ်ဆေးရေးဂိတ်ကို ယခုရက်ပိုင်းအတွင်းအာရက္ခတပ်တော်(AA)နှင့်မဟာမိတ် ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု၎င်းရင်းမြစ်က နိရဉ္စရာကိုဆက်လက် ပြောဆိုသည်။
” ဗေဒါစခန်းကတော့ စစ်ကောင်စီရဲ့အကြီးဆုံးဂိတ်တခုလည်းဖြစ်တယ်။ အစစ်အဆေးကြမ်းတဲ့ဂိတ်တခုလည်းဖြစ်တဲ့ ဗေဒါစစ်ဆေးရေးဂိတ်ကိုသိမ်းလိုက်ပါပြီ။ လက်နက်ကြီးတွေလည်းသိမ်းထားတယ်။ ဖမ်းမိတဲ့စစ်သားတွေရှိတယ်။ အလင်းဝင်တာမရှိဘူး ” ဟုပြောသည်။
ဗေဒါစစ်ဆေးရေးဂိတ်အပေါ်ဘေးပတ်ပတ်လည်ရှိ ကုန်းပေါ်ရှိ ကာကင်းစခန်းများကိုလည်းသိမ်းပိုက်လိုက်ပြီးနောက် ကာကင်းစခန်းများမှ စစ်ကောင်စီတပ်သားများကစဉ့်ကလျားဖြင့်ငသိုင်းချောင်းဘက်သို့ ထွက်ပြေသွားကြသည်ဟုဆိုသည်။
” ကာကင်းစခန်းကစစ်သားတွေကထွက်ပြေးသွားခဲ့ကြတယ်။ဘေးပတ်ဝန်းကျင်နေရာအနှံ့ပြေးနေတာတွေရှိနေတယ်။ သူတို့က AA က လိုက်လို့ရှင်းနေလို့လက်နက်သံက မစဲသေးဘူး” ဟုပြောသည်။
လက်ရှိတွင် စစ်ကောင်စီဖက်မှ ဂျက်ဖိုက်တာဖြင့် တိုက်ပွဲဖြစ်နေသည့် အနီးအနားဝန်းကျင်ကိုဗုံးကြဲတိုက် ခိုက်လျက်ရှိပြီး ဗေဒါဂိတ်အနီးအနတွင်နေထိုင်ကြသည့်ဒေသခံများမှာ နီးစပ်ရာဘေးလွတ်နိုင်မည့် နေရာတွင် ရှောင်ပုန်းထွက်ပြေးနေရကြောင်း သိရသည်။
ဗေဒါစစ်ဆေးရေး ဂိတ်တွင်ယခင်က စစ်ကောင်စီအင်အား ၂၀၀ ဝန်းကျင်တပ်စွဲနေထိုင်ခဲ့ကာ အင်အားများသည့် အကြီးဆုံးဂိတ်တခုလည်းဖြစ်သည်ဟု သိရသည်။
အဆိုပါ တိုက်ပွဲသတင်းများနှင့် ပတ်သက်ပြီး အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခအား နိရဉ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းရာ လက်ရှိ တိုက်ပွဲဆင်နွှဲနေသည့် ရိုးတောင်ပေါ် ၃ခုစလုံးတွင် အခြေအနေကောင်းနေပြီး အောင်မြင်မှုရနေကြောင်း၊ စခန်းသိမ်းမှုအခြေအနေများကို တိုက်ပွဲဆက်ဖြစ်နေတုန်းဖြစ်၍ ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း ပြောကြားသည်။