People’s Spring
တရုတ်မင်းသား ဝမ်ကျင် ခေါ် ကျင်ကျင်တစ်ယောက် တစ်ရက်ကို သရုပ်ဆောင်ခ ဘတ် ၁၂,၀၀၀ ပေးပြီး အလုပ်အပ်မယ်ဆိုတဲ့ We Chat ပေါ်က စည်းရုံးမှုကို အမှန်ထင်ခဲ့တာက ပြသာနာအစဖြစ်ပါတယ် ။
တရုတ်နိုင်ငံမှာ လူသုံးအများဆုံး လူမှု ကွန်ယက်တခုဖြစ်တဲ့ WeChat ကနေ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လူတယောက်နဲ့ဝမ်း စကားစပြောဖြစ်ပါတယ် ။ ထိုင်းနိုင်ငံက GMM Grammy ဖျော်ဖြေရေးကုမ္ပဏီက ဝန်ထမ်းတစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့ လူလိမ်က သရုပ်ဆောင်ဖို့အလုပ်ကမ်းလှမ်းမှု အပေါ် ဝမ်တယောက်ယုံကြည်သွားပါတယ် ။ ထိုင်းနိုင်ငံမှာ ဒီအမည်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပါအဝင် ဖျော်ရေးလုပ်ငန်းအစုံလုပ်တဲ့ ကုမ္ပဏီက တကယ်ရှိတာပါ ။
တရုတ်မင်းသား ကို အွန်လိုင်းပေါ်က လူကုန်ကူးသူတွေက ခေါ်ဆောင်သွားတယ်ဆိုတာကို သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ဖော်ပြတဲ့ အခါမှာထိုင်းရုပ်ရှင်ထုတ်လုပ်ရေး GMM Grammy ကလည်း ဒီဖြစ်စဥ်မှာ သူတို့ပါဝင်ပတ်သက်ခဲ့တာမရှိဘူးလို့ ကြေညာပါတယ် ။ထိုင်းရဲတပ်ဖွဲ့က လည်း အခုလိမ်လည်မှု တစ်ခုလုံးမှာ တရုတ်နိုင်ငံသားချင်းလိမ်လည် လှည့်ဖျားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေ ပါဝင် ပက်သက်တာမရှိဘူးလို့ဆိုထားပါ
တယ် ။
အသက် ၃၁ နှစ်အရွယ် ဝမ်ကျင်ဟာ သရုပ်ဆောင်ကမ်းလှမ်းတာကို ယုံကြည်သွားတဲ့အတွက် ဇန်န
ဝါရီ ၃ က်နေ့မှာထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုလေကြောင်းကနေသွားခဲ့ပါတယ် ။ ဘန်ကောက်မြို့ ၊ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်တဲ့အခါ အလုပ်
ကိစ္စအတွက်ဆိုပြီး မဲဆောက်မြို့ကို ဆက်လက်ခေါ်ဆောင်ခံရပါတယ် ။မဲဆောက် မှာ ထိုင်းလူမျိုးယာဉ်မောင်းတစ်ယောက်ကလာခေါ်ပြီး မြန်မာနယ်စပ်ဘက်ခြမ်းကိုပို့ပေးခဲ့တာလို့ သိရပါတယ် ။ ဖြစ်စဥ် အမှန်ပေါ်ပေါက်ချိန်မှာ ထိုင်းယာဥ်မောင်းက အမှုမှာသူဟာပါဝင်ပတ်သက်မှုမရှိခဲ့ပဲ၊သူကလည်း အက်ပလီကေးရှင်းမှ ငှားရမ်းထားတဲ့ ယာဉ်မောင်းတစ်ဦးသာဖြစ်တယ်လို့ဖွင့်ပါတယ် ။
ဝမ်ကျင် ကိုသွားကြိုခိုင်းတဲ့ လိမ်လည်သူ နဲ့ ယာဥ်မောင်းပြောထားတဲ့စာတွေ ၊သွားကြိုရမယ့်သူရဲ့ ဓါတ်ပုံကို ပို့ပေးတာတွေကြောင့် ထိုင်းရဲတပ်ဖွဲ့ကခြေရာခံတဲ့အခါ လွယ်ကူခဲပါတယ်။ လိမ်လည်သူရဲ့တည်နေရာဟာ မြန်မာနိုင်ငံ မြဝတီဘက်မှာလည်း ဖြစ်နိုင်တယ်လို့ဆိုပါတယ် ။
ဝမ်ဟာ အဲဒီလို အလိမ်ခံရတဲ့ အကြောင်းကို အရမ်းနောက်ကျမှ သတိထားမိခဲ့တယ်လို့လည်း ရဲတွေကို ပြောပါတယ်။ သူဟာ အထူးလေ့ကျင့်ထားပြီး တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားလေ့ရှိတဲ့ တရုတ်လူမှောင်ခိုသမားတွေရဲ့ လက်ထဲကို ကျရောက်ခဲ့တာပါ။
မဲဆောက်မြို့ ကနေ မြန်မာနိုင်ငံဘက်ကိုပို့မယ်ဆိုတာကို သူမသိရှိဘူးလို့လည်းဆိုပါတယ်။ ဒါ
ကြောင့် ကျားဖြန့် တွေက လိမ်ပြီဆိုတာသိလိုက်ချိန်မှာ သူအရမ်းနောက်ကျသွားးပြီး သူကြောက်ခဲ့တယ်လို့ဆိုပါတယ် ။
မြန်မာဘက်ခြမ်းပို့ခံရပြီး အဆောက်အအုံတစ်ခုရောက်သောအခါ ကတုံးတုံးခံရပါတယ် ။ဒါအပြင် စာရိုက်တတ်အောင် အသင်ခံရပါတယ် ။သူနေခဲ့တဲ့ ပထမအိမ်တွင် တရုတ်လူမျိုး ၁၀ ဦးရှိပါတယ် ။ ဒုတိယအိမ်မှာတော့ တရုတ်လူမျိုး ၅၀ ခန့်ရှိတယ်လို့ဆိုပါတယ် ။ ကျားဖြန့်လို့ခေါ်တဲ့ Call Center မှာ ၃ ညနဲ့ ၄ ရက် နေခဲ့ရပေမယ့်ညှင်းပန်းနှိပ်စက်ခံရတာမှမရှိခဲ့ဘူးလို့ သူကဆိုပါတယ် ။
သူ့ကို တရုတ်နိုင်ငံသားတွေကို အွန်လိုင်းပေါ်ကနေလိမ်ညာဖို့ သင်တန်းပေးခဲ့ပေမယ့် လက်တွေ့လိမ်ရတာတော့မရှိသေးပါဘူးလို့ဆိုပါတယ် ။ဒါအပြင်သူ့ကိုကိုယ်ထိလက်ရောက် နှိပ်စက်တာ မရှိခဲ့ဘူးလို့ ဝမ်က ပြောပါတယ်။ ဒါပေမယ့် သူခြေထောက်တွေက အနီရောင် အကွက်အပြောက်တွေဟာ နှိပ်စက်ခံထားရတာကြောင့်ဖြစ်တယ်လို့ လူမှုကွန်ယက်ပေါ်မှာခန့်မှန်းပြောဆိုနေကြပါတယ် ။
တကယ်တော့ ဝမ်ကျင် အဆက်အသွယ်ပျက်ပြီးပျောက်သွားတာကို သူ့ရဲ့ချစ်သူ ‘Jia Jia’ က ဆိုရှယ်မီဒီယာပေါ်တင်ပြီး အကူအညီတောင်းခဲ့တာရယ် ၊ တရုတ် နဲ့ ထိုင်း လူမှုကွန်ယက်တွေမှာလူပြောများတာရယ် ၊ ထိုင်းမီဒီယာတွေအားကောင်း မှုတွေကြောင့် နာမည်ကြီးသတင်းဖြစ်ခဲ့လိုသာ ငရဲတွင်းကနေ ၄ ရက်နဲ့ပြန်လွတ်လာတာပါ ။ သူပျောက်နေတာသိပြီး၁ ရက်အတွင်းမှာပဲ ကယ်တင်
နိုင်ခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြကြပါတယ် ။
အခြားလူကုန်ကူးခံရတဲ့သားကောင်တွေဆိုရင် ပြန်လွတ်မြောက်ဖို့ အနည်းဆုံး ၆ လလောက်ကြာလေ့ရှိတယ်လို့ဆိုပါတယ် ။ မြန်မာ-ထိုင်းနယ်စပ် လူကုန်ကူးမှု ၊လောင်းကစားမှု ၊အွန်လိုင်းလိမ်လည်မှု စတဲ့ ဒုစရိုက်လုပ်ငန်းတွေ ဖြစ်တဲ့ ကျားဖြန့် လုပ်
ငန်းမှာ နိုင်ငံခြားသား ၆၀၀၀ ကျော်ဟာလည်း
အလားတူကံကြမ္မာဆိုး ကြုံတွေ့ခဲ့ရတယ် လို့ထိုင်းသတင်းဌာန The Reporter ကဖော်ပြပါတယ် ။
ကမ္ဘာမှာနာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြန်မာနိုင်ငံ
မြဝတီမြို့ဝန်းကျင်မှာ အခြေချတဲ့ တရုတ်မာဖီးယားရာဇဝတ်ဂိုဏ်း တွေလက်ကနေ လွတ်မြောက်ဖို့ နိုင်ငံခြားသားတွေက အကူအညီတောင်းခံခဲ့ကြတာများစွာရှိပါတယ်။ ကျားဖြန့်တွေကြောင့်လူကုန်ကူးခံရပြီး အကူအညီတောင်းခံတာတွေမှာ တရုတ်နိုင်ငံသားတွေအပြင် ကမ္ဘာအနှံ့မှ လူမျိုးပေါင်း ၁၄ မျိုးထက်မနည်းရှိတယ်လို့ဆိုပါတယ် ။ ကင်ညာ၊ အီသီယိုးပီးယား၊ ယူဂန်ဒါ၊ အိန္ဒိယ၊ လာအို၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ရုရှား စတဲ့နိုင်ငံတွေ နိုင်ငံသား ၃၆၁ ဦး ကထိုင်းကိုဆက်သွယ်ပြီး အကူအညီတောင်းခံတယ် လို့ဆိုပါတယ် ။
ကမ္ဘာ့နိုင်ငံအသီးသီးကနေ ထိုင်းနိုင်ငံမှာ အလုပ်ရမယ်လို့ လှည့်စားခေါ်လာပြီး အဆုံးမှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေကိုပို့ပြီး Call Center ဂိုဏ်းတွေရဲ့ သားကောင်အဖြစ် အလိမ်ခံနေကြရတာဖြစ်ပါတယ် ။ အလိမ်ခံရတဲ့သူတွေထဲတွင် ထိုင်းလူမျိုးများလည်းပါဝင်ပါတယ် ။
ဝမ်ရဲ့ ဖြစ်စဉ်ဟာ ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော် လူမှောင်ခို လုပ်ငန်းတွေကို ကိုင်တွယ်ရာမှာ အ
ခက်အခဲတွေ ရှိနေဆဲ ဆိုတာကို အထင်အရှား မြင်သာစေခဲ့သလို အရင်ကတည်းက ထိုင်းကို သွားရောက် လည်ပတ်တဲ့ တရုတ်နိုင်ငံသားတွေဟာ လူမှောင်ခို ဂိုဏ်းတွေရဲ့ ပစ်မှတ် ဖြစ်လာနိုင်ကြောင်း စိုးရိမ်တကြီး ဝေဖန် ထောက်ပြမှုတွေကို ပိုပြီး ဆိုးရွားလာစေခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာက ဒီအခြေအနေဟာ ကိုဗစ်ကပ်ရောဂါအလွန် ပြန်
လည် ခေါင်းထောင်ဖို့ အားယူနေတဲ့ ထိုင်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းကို အကြီးအကျယ် ထိခိုက်စေနိုင်တာကြောင့် လိုအပ်တဲ့ စီမံတုံ့ပြန်မှုတွေ အရေးတကြီး ဆောင်ရွက်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။
အထူးသဖြင့် ထိုင်းကို ခရီးသွားတာဟာ မလုံခြုံနိုင်ဘူးဆိုတဲ့အွန်လိုင်းပေါ်မှာ သတင်းစကားပျံ့နှံ့
မှုတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတာ အသေအချာ စဉ်းစားပြင်ဆင်ဖို့ ဒစ်ဂျစ်တယ် စီးပွားရေး ဝန်
ကြီးဌာနကို ဝန်ကြီးချုပ်က ညွှန်ကြားထားပါတယ်။
၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွား သန်း ၃၅ သန်းကျော်လာရောက်ပြီး တရုတ် ကမ္ဘာလှည့် ခရီးသွား ၆.၇ သန်းလောက် လာခဲ့တာပါ ။ ၂၀၂၅ ခုနှစ်မှာလည်း တရုတ်ခရီးသွား ၉ သန်းလောက်ဝင်ရောက်လာဖို့ ရည်ရွယ်နေတာပါ။ ဒါကြောင့် မင်းသားဝမ်ကို ကယ်တင်ပြီးတဲ့အခါ မီဒီယာတွေရဲ့မေးမြန်းမှုကို ထိုင်းကလုံခြုံတဲ့နိုင်ငံဖြစ်ပြီး နောင်အလည်လာချင်ပါသေးတယ်လို့ မင်း
သားက တရုတ်ဘာသာနဲ့ ပြောပြရပါသေးတယ်။
ဝမ်ကျင် ရဲ့ဖြစ်စဥ်ကတော့ မင်းသားတစ်ဦးဖြစ်ပါလျက်နဲ့ ဘာကြောင့် အခုလိုအလိမ်ခံရတာလဲ
ဆိုတာဟာ ဇာတ်ရည်လည်လာပြီဖြစ်ပေမယ့် လူတွေကြားအံအားသင့်စရာမေးခွန်းထုတ်စရာဖြစ်နေဆဲပါ။
အခုဖြစ်စဥ်မှာ တာ့ခ်ခရိုင် မဲဆောက်နယ်စပ်ဂိတ်က တဆင့် မြန်မာနိုင်ငံဘက်ခြမ်း မြဝတီသို့ဝင်ရောက်သွားခဲ့တာပါ။ ပုံမှန်ဆိုရင် ဒီနယ်စပ်လမ်းကြောင်းက မြန်မာနဲ့ ထိုင်းနိုင်ငံမှအပ နိုင်ငံခြား
သားတွေတရားဝင်ဖြတ်ကျော်ခွင့်မရှိပါဘူး။ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံသားတို့သာ ကူးလူးသွားလာနိုင်တယ်။ ဒါပေမယ့် အခုလိုနိုင်ငံဖြတ်ကျော်မှုခင်းတွေအတွက် လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့တာကို ထိုင်းနိုင်ငံဘက်က ဘာမျှမလုပ်ပဲနေတော့မှာလားလို့ The Reporter သတင်းဌာနကမေးခွန်းထုတ်ထားပါတယ် ။
ထိုင်းအတိုက်အခံ အမတ်တစ်ဦးဖြစ်ပြီး ပြည်တွင်းလုံခြုံရေး လွှတ်တော် ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားသူ ရန်ဆင်မန် ရုမ်းကတော့ နယ်စပ်ရေးရာ လုံခြုံရေး အစီအမံတွေ ပိုမိုတင်းကျပ်သင့်ပြီလို့ တောင်းဆိုထားပါတယ်။ သူ့ရဲ့ ကော်မတီဟာ
လူကုန်ကူးမှုတွေနဲ့ နယ်စပ် လုံခြုံရေး ကဏ္ဍအ
ကြောင်း ဇန်နဝါရီ ၉ ရက်မှာ ဆွေးနွေးသွားမယ်လို့လည်း ရုမ်းက ဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း မှာတိုက်ပွဲတွေကြောင့်နိုင်ငံ
ခြားသားတွေဟာ အရင်ကလို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုဆင်း၊ အဲဒီကတဆင့် မြဝတီကိုသွားလို့ မရတော့ပါဘူး။ထိုင်းနိုင်ငံကိုပဲ ဖြတ်လမ်းအနေနဲ့ အဓိကအသုံးပြုလာကြတာပါ။
ဒါကြောင့်ကထိုင်းနိုင်ငံအနေနဲ့ အခုလို ထိုင်းနိုင်ငံရဲ့အမည်သုံးပြီး ရာဇဝတ်မှုတွေကျူးလွန်နေတာကိုဆက်ခွင့်ပြုနေမှာလားလို့ The Reporter သတင်းဌာနကမေးခွန်းထုတ်ထားပါတယ် ။
ဝမ်ကတော့ နောက်နောင် မည်သူတစ်ဦးတစ်ယောက်မှ သူလိုလူကုန်ကူးသူတွေရဲ့သားကောင်း မဖြစ်စေချင်ဘူးလို့ မဲဆောက်ကနေ ဘန်ကောက်ကို လေယာဉ်စီးလာစဉ် သတင်းထောက်ကိုဖွင့်ဟပါတယ် ။ ။
ကိုးကား -The Reporter ၊Khaosod ၊ The Nation