မဲခေါင်၊ ဇန်နဝါရီ ၉
တရုတ်နိုင်ငံ ယန်ဇီပြည်နယ် ပူချန်းအရပ်က အသက်မွေးဝမ်းကျောင်းမှာ ဇန်နဝါရီ ၂ ရက်က ၁၇ နှစ်သား ကျောင်းသား သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ကျောင်းအတွင်း လူထုအုံကြွမှုကို တရုတ်အစိုးရက အင်အားသုံးပြီး ရက်ရက်စက်စက် နှိမ်နင်းနေကြောင်း တရုတ် လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်နေကြပါတယ်။
အခင်းဖြစ်ပွားမှုမှာ ကျောင်းအာဏာပိုင်တွေဟာ ကျောင်းသားအားလုံးရဲ့ ဖုန်းနဲ့ စမတ်နာရီအားလုံးကို သိမ်းဆည်းခဲ့ပြီး မျက်မြင်သက်သေတချို့ရဲ့ ဖွင့်ပြောမှုအရ အိမ်ဆောင်မှာ မသေဆုံးမီ ရုန်းရင်းဆန်ခတ်ဖြစ်သံ ကြားရကြောင်း၊ ဒါပေမဲ့ ကျောင်းအာဏာပိုင်တွေနဲ့ ဒေသခံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုကို ၂၄ နာရီသာ လုပ်ဆောင်ပြီးနောက် ခေါင်မိုးပေါ်ကနေ ကိုယ့်ဘာသာ ခုန်ချ အဆုံးစီရင်တယ်လို့ ဆုံးဖြတ်ပြီး အမှု ပိတ်လိုက်ခဲ့ပါတယ်။
မိခင်ဖြစ်သူကိုလည်း သားအလောင်းကို မပြသဘဲ အသုဘအခမ်းအနားမှ ပြသမှုမှာ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေကို တွေ့ရှိရတာကြောင့် ကျောင်းသားမိဘတွေနဲ့ ဒေသခံထောင်ပေါင်းများစွာဟာ ကျောင်းထဲဝင်ရောက်ပြီး မကျေမနပ် အုံကြွဆန္ဒပြသခဲ့ရာမှာ ပြည်သူ့လုံခြုံရေးဗျူရိုကပါ နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်နှိမ်နင်းရာက လူထု အုံကြွမှုဟာ ၃ ရက်မြောက်အထိ အရှိန်မရပ်တန့်ဘဲ ၂၀၂၅ နှစ်ဦးမှာပဲ တရုတ်နိုင်ငံရဲ့ အဆိုးရွားဆုံး လူထုအုံကြွမှုကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
မသင်္ကာဖွယ်ရာများစွာရှိတဲ့ ဒီဖြစ်စဉ်မှာ ကျောင်းတွင်း စီစီတီဗီမှတ်တမ်းတွေကိုလည်း ဖျက်ထားပြီး ဒေသခံ အာဏာပိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း သက်သေဖျောက်ဖျက်ပေးသလို ပွင့်လင်းမြင်သာမှုလုံး၀မရှိတဲ့ ဖြစ်ရပ်ကြောင့် လူထုအုံကြွမှုဖြစ်စဉ်မှာ သေဆုံးကျောင်းသားရဲ့ ဆွေမျိုးသားချင်းတစ်ယောက်ကိုပါ ဖမ်းဆီးထားလို့ ပြန်လွှတ်ပေးဖို့နဲ့ တရားမျှတမှုရရေး ပြည်သူထောင်ချီ တိုက်ပွဲဝင်နေခဲ့တာဖြစ်ပါတယ်။