မြန်မာစစ်တပ်မှာ ရုရှားထုတ် Su-30 SME တိုက်လေယာဉ် ၆ စီး ထပ်ရောက်လာတယ်လို့ eurasiantimes သတင်းမှာ ဇန်နဝါရီ ၁၀ ရက် သောကြာနေ့ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ၂၀၁၈ စာချုပ်အရ ရုရှားတိုက်လေယာဉ် ၆ စီးကို အကြွေးနဲ့ဝယ်ယူခဲ့တာ ဖြစ်ပြီး တိုက်လေယာဉ် ၂ စင်းက ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မိတ္ထီလာလေတပ်စခန်းကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီ Su-30 တိုက်လေယာဉ်တွေဟာ နယ်မြေစည်းရိုးလုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံရဲ့ အဓိကလေယာဉ်တွေအဖြစ် အသုံးပြုသွားမယ်လို့ ရုရှားကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Alexander Fomin အယ်လက်ဇန်းဒါး ဖိုမင်က ရုရှားသတင်းဌာန TASS ကို ပြောကြားပါတယ်။ Su-30SME တိုက်လေယာဉ်တွေ ကိုတော့ နေပြည်တော်လေတပ်စခန်းမှာ ထားရှိပြီး တနိုင်ငံလုံးအတွက် ဖြန့်ကျက်အသုံးပြုမယ်လို့လည်း ပြောပါတယ်။
စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းဖို့ လေကြောင်းစွမ်းရည် မြှင့်တင်နေပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တရက်တည်းမှာတင် ရုရှားထုတ် Mi-17 ရဟတ်ယာဉ် ၆ စီး၊ တရုတ်ထုတ် FTC-2000G တိုက်လေယာဉ် ၆ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနဲ့ Y-8 ထောက်ပံ့ရေးလေယာဉ် ၁ စီးတို့ ရောက်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အခုရောက်ရှိလာတဲ့ Su-30SME တိုက်လေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ်၊ လူနှစ်ယောက်ထိုင် Su-30 ရဲ့ မျိုးကွဲတမျိုးဖြစ်ပြီး ရေရှည်ပျံသန်းနိုင်မှုနဲ့ လက်နက်သယ်ဆောင်နိုင်မှု စွမ်းရည်မြင့်မားဖို့ ဒီဇိုင်းထုတ်ထားတာပါ။ အမြန်နှုန်း Mach 2.0၊ အမြင့်ဆုံးပျံသန်းနိုင်တဲ့အမြင့် ၁၇,၃၀၀ မီတာ၊ လက်တန်း ၃,၀၀၀ ကီလိုမီတာထိ ပျံသန်းနိုင်ပြီး လက်နက်အမျိုးမျိုး တပ်ဆင်နိုင်တဲ့ နေရာ ၁၂ ခု ပါရှိပါတယ်။
ဒီအမျိုးအစားက ရုရှားရဲ့ Su-30SM တိုက်လေယာဉ်ကို ပြည်ပတင်ပို့ဖို့ ထုတ်လုပ်တဲ့ မျိုးကွဲဖြစ်ပြီး ၂၀၁၈ စင်္ကာပူလေကြောင်းပြပွဲမှာ နိုင်ငံတကာကို စတင်မိတ်ဆက်ခဲ့တာပါ။ နိုင်ငံခြားထုတ် အစိတ်အပိုင်းတွေအစား ရုရှားထုတ် အီလက်ထရောနစ်ပစ္စည်းတွေကို တပ်ဆင်ထားပါတယ်။
မြန်မာစစ်တပ်မှာ တရုတ်ထုတ် JF-17 Thunder တိုက်လေယာဉ်တွေ နည်းပညာပိုင်းဆိုင်ရာ ပြဿနာပေါင်းများစွာ ကြုံတွေ့နေရချိန်မှာ ရုရှားတိုက်လေယာဉ်တွေ ရောက်ရှိလာတာပါ။ ဒါ့အပြင် နိုင်ငံတကာမှာ မိတ်ဆွေရှားပါးနေတဲ့ အချိန် တရုတ်က တော်လှန်ရေးတပ်ဖွဲ့တွေကို အားပေးနေတယ်လို့ စစ်ကောင်စီက စွပ်စွဲထားပြီး သြဂုတ် ၂၀၂၄ မှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှုကြောင့် လားရှိုးကို ဆုံးရှုံးခဲ့ရတယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။
တရုတ်ကတော့ တရုတ် မြန်မာဆက်ဆံရေး ထိခိုက်အောင် ပြည်ပက နှောက်ယှက်မှုတွေရှိကြောင်း ပြန်လည်ချေပပါတယ်။
ယခင်မှတ်တမ်းရုပ်ပုံ | ဆီးရီးယားနိုင်ငံအတွင်းမှာ တွေ့ရတဲ့ ရုရှားနိုင်ငံထုတ် Sukhoi Su-30 SM ဂျက်ဖိုက်လာ လေယာဉ် ၂ စင်း (အောက်တိုဘာ ၃၊ ၂၀၁၅)
VOA