အဥ္စနလီညှင်း(လေး၀တီFM)
၁၂ ၊ဇန်န၀ါရီ ၊၂၀၂၅
မကွေးတိုင်း ငဖဲမြို့နယ် ထဲက ဂုတ်ကြီးဗျူဟာကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း ထိုးစစ်ဆင်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။
ဇန်နဝါရီ ၁၁ ရက်ညပိုင်းက စပြီး ဂုတ်ကြီးကျေးရွာ၊ လင်းတဲ ကျေးရွာနဲ့ စွန်တက်ကျေးရွာတွေမှာ အခြေစိုက်ထားတဲ့ ဗျူဟာစခန်းနဲ့ ကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“တိုက်ပွဲဖြစ်နေတာမနေ့ညကပင် အခုလည်းဖြစ်နေတယ်၊ ဂုတ်ကြီးနဲ့ အဲ့အနီးအနားက ရွာတွေ ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာကြဲနေတယ်”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦး က ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ မကွေးတိုင်းနဲ့ ရခိုင်ရိုးမ အစပ်က တိုက်ပွဲတွေမှာ PRA(မကွေး) ၊အရှိုချင်းကာကွယ်ရေးတပ်(ACDF) စတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
“အခုတိုက်ပွဲဖြစ်နေတဲ့ ဂုတ်ကြီးမှာက အဓိက ဗျူဟာစခန်းကုန်းကြီးရှိတယ် ။ အမြှောက်တပ်အထိုင်ချထားတယ်။ ရဲစခန်းတွေ လည်းရှိတယ် ပဒါန်းမြို့က လာရင် အမ်းရိုးမကို မတက်ခင် လမ်းပိုင်းပေါ်က ရွာကြီးလည်းဖြစ်ပါတယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။
အဲ့ဒီ ဂုတ်ကြီး အမြှောက်စခန်းမှာ စစ်ကောင်စီအင်အား ၂၀၀ ကျော်နဲ့ အထိုင်ချထားပြီး ငဖဲမြို့နယ်၊ ပဒါန်းဘက်ကို စစ်ကျွံ မလာအောင်
ကာကင်းတွေလည်းအထပ်ထပ်ကာထားတယ်လို့ ဒေသ သတင်းရင်းမြစ် က ဆိုပါတယ်။
စစ်ကောင်စီဟာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ ကို ပဒါန်းဘက်ကို အဝင်မခံဘဲ လမ်းပိုင်းတွေကိုလည်း ပိတ်ဆို့ထားတာဖြစ်ပါတယ်။
လေးဝတီ FM