ဇန်နဝါရီ ၁၈၊ ၂၀၂၅
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။
စစ်ဌာနချုပ်အတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူးမျိုးမင်းထွေး အိမ်ယာဝန်း ၊ အရာရှိကြီးနေအိမ် ၇ လုံး တန်းဝန်း ၊ ငွေစာရင်းရုံး အနီး၊ စစ်ရေးပြ (ပရိတ်) ကွင်း၊ ဇေယျာသီရိခန်းမအနီး၊ ရိက္ခာဖြန့်ဝေဌာန အနီး၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသိုလှောင်ရုံအနီး ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ (105 mm M2A1 Howitzer) ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ်၊ Nora B-52 155mm ယာဥ်တင် အမြှောက်ကြီးထားရာ မော်တော်ယာဥ်ရုံ အနီး၊ စစ်သည်နေအိမ် (၆ ခန်းတွဲ) ၊ အဆရ-၁၂ (အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင်၊ မဆရ-၇(စစ်မြေပြင်ဆေးတပ်ရင်း) စစ်သည် လူပျိုဆောင် ၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင် ၊ ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း) ဆန်ပဲ ဂိုဒေါင်နဲ့ နမခတပ်နယ် မြောက်ဘက် ၁၂၀မမ (MK-6,MK-II) အထိုင်ကာကင်းစခန်းအနီးကို ရှော့တိုက်ရော့ကတ်တွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုအတွင်း အဆရ-၁၂ ဗိုလ်ကြီး ၁ ယောက်အပါအဝင် တပ်သား ၆ ယောက်နဲ့ တိုင်း စစ်ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ (PSO) ဗိုလ်ကြီးကောင်းခန့်ဇော်၊ တပ်ကြပ်ကြီးအပါအဝင် ၅ ယောက် စုစုပေါင်း ၁၁ ယောက်သေပြီး မီးလောင်ဒဏ်ရာရရှိသူနဲ့ အခြားဒဏ်ရာရရှိသူတွေကို သံပြားကာ ယာဉ်ဖြင့် တပ်မတော်ဆေးရုံ တဆ အမှတ် ၄/၃၀၀ ဆေးရုံနဲ့ မုံရွာပြည်သူ့ဆေးရုံကြီးတို့ကို ပို့ဆောင် ခဲ့တယ်လို့ သိရပါတယ်။ ဆေးရုံအရောက် ဒဏ်ရာပြင်းထန်တဲ့ စစ်သား ၄ ယောက်ထပ်မံသေဆုံးခဲ့ တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကိုချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B) ဦး ဆောင်၍ မဟာမိတ်အဖွဲ့များ ဖြစ်သော Anonymous Heroes၊ ချိုမိုင်မိုင်(ကနီ) ၊ Advance-47 ၊ Chindwin Brothers ၊ ဗိုလ်မုတ်ဆိတ်တို့ ပူးပေါင်းကာ “ရမခ စစ်ရှုံးပြေး ၊နမခရောက် အရှုံးသမား တိုင်းမှူး ဝက်ဘီလူး မျိုးမင်းထွေးအား ဧည့်ခံကြိုဆို” စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။