စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆားကျင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်တဲ့ ဒရုန်းဗုံးထိမှန်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီကျော်မှာ ချပ်သင်းကျေးရွာနဲ့ ကုက္ကိုကုန်းရွာဘက်ကထွက်လာတဲ့ ၂ ဖွဲ့ပေါင်း အင်အား ၇၀ ကျော်ပါစစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တို့က ဆားကျင်းရွာအနီးမှာ စတင်မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။
မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အင်အားမမျှတဲ့အတွက် ရွာအနောက်ဘက်ကိုပြန်ဆုတ်ပြီး ပုန်းခိုနေစဥ် စစ်ကောင်စီဘက်ကပစ်ချတဲ့ ဒရုန်းဗုံးစထိမှန်ပြီး ကျဆုံးခဲ့ကြတာလို့ ဆိုပါတယ်။
“သူတို့ (ကာကွယ်ရေးအဖွဲ့တွေဘက်က)ပြန်ခေါက်တဲ့အချိန်မှာ **ဒရုန်းကတက်လာတယ်။ ဒရုန်းတက်လာတော့ တံတားအောက်ကို ဝင်ပုန်းတာ။ ဒရုန်းက တံတားအဝကိုချတာ။ တံတားအောက်ဝင်နေတဲ့ ရဲဘော်တွေအကုန်ထိတာ။ ခေါင်းတွေထိတဲ့သူတွေထိကုန်တာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ဒရုန်းဗုံးထိမှန်လို့ အသက် ၂၀ ကနေ ၃၅ နှစ်အရွယ်ကြားရှိ ဇီးကုန်းမြောက်ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဇီးကွက်ကြီး၊ တပ်ဖွဲ့ဝင် မိုးဒီ၊ KB2 တပ်ရင်း၊ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဗန်းမောက်၊ ကုလားတို့ နေရာမှာတင်ကျဆုံးပြီး ပူးပေါင်းအဖွဲ့တွေဘက်ကလည်း အဖွဲ့ဝင် ၁၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီနေ့မှာ ဒဏ်ရာရသူတွေက နဂါးပေါ်ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် မြွေပွေး ဟာ ဆေးကုသမယ့် နေရာအရောက်မှာကျဆုံးခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်မှာတော့ နဂါးပေါ်ကျေးရွာ ပကဖတာဝန်ခံ ခက်ထန် ထပ်မံကျဆုံးခဲ့တာကြောင့် စုစုပေါင်းကျဆုံးသူ ၆ ဦးရှိခဲ့တာ ဖြစ်ပါတယ်။
ကျဆုံးတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၈ ရက်နဲ့ ၁၉ ရက်မှာ စျာပနပြုလုပ်သင်္ဂြိုဟ်ပေးခဲ့ပြီး ဒဏ်ရာရသူတွေကတော့ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိနိုင်ပေမယ့် အတည်မပြုနိုင်သေးဘဲ စစ်ကြောင်းကတော့ ချပ်သင်းကျေးရွာဘက်ကို ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။
ဆားကျင်းကျေးရွာဒေသခံတွေကတော့ နယ်မြေမအေးချမ်းတာကြောင့် ၂၀၂၃ အောက်တိုဘာလ လောက်ကတည်းက ကျေးရွာမှာအတည်တကျနေထိုင်တာမရှိတော့ဘဲ နီးစပ်ရာဒေသတွေကို တိမ်းရှောင်နေကြတယ်လို့ အထက်ပါဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၈ ရက်မှာလည်း ကန့်ဘလူမြို့နယ်၊ ကျီကျင်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနား သွားကားလမ်းပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက ခရီးသွားကားတွေကို စစ်ဆေးချိန် စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်တဲ့အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး၊ သံဃာ ၁ ပါးအပါအဝင် ၅ ဦး သေဆုံးပြီး ၉ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
ပုံစာ – ကန့်ဘလူမြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဒရုန်းတပ်ဖွဲ့။
သတင်း – ကျော်ကြီး၊ စာတည်း – လင်း
မြေလတ်အသံ