ဇန်နဝါရီ ၂၂၊ ၂၀၂၅
ကရင်ပြည်နယ်၊ မြဝတီမြို့မှာဖြစ်ပွားနေတဲ့ ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုပြဿနာတွေကိုအကြောင်းပြုပြီး သူတို့ကို အပြတ်ရှင်းချင်တာလားလို့ ကရင်အမျိုးသားတပ်မတော် (KNA)လို့အမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)အဖွဲ့က မေးခွန်းထုတ်လိုက်ပါတယ်။
တရုတ်နိုင်ငံက ကျားဖြန့်တိုက်ဖျက်ရေး “ဇင်ယော်” ပူးပေါင်းဆောင်ရွက်မှု ဒုတိယအပိုင်းကို ၂၀၂၅ မှာအကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်လိုက်ပြီး ထိုင်ဝမ် နဲ့ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံတွေ အပြင်တော်လှန်ရေးအင်အားစုတွေ နဲ့ စစ်ကောင်စီဘက်ကပါ ကျားဖြန့် ပြဿနာအပါအဝင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ နှိမ်နင်းဖို့နဲ့ပတ်သက်ပြီး အာရုံစိုက်ပြောလာချိန်မှာ BGF က အခုလို မေးခွန်းထုတ်ပြောကြား လာတာပါ။
ဇန်ဝါရီလ ၃ ရက်နေ့ ပျောက်ဆုံးသွားတဲ့ တရုတ်မင်းသားဝမ်ရှင်းကို သုံးရက်အတွင်း ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ထဲက KKPark အနီးမှာ တွေရှိခဲ့ပြီး BGF ကနေတဆင့် ထိုင်းနိုင်ငံကိုပြန်လည်ပို့ဆောင် လိုက်ပေမယ့် နောက်ဆက်တွဲ အနေနဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် လူကုန်ကူးခံရမှုတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အာရုံပိုစိုက်လာခဲ့ပါတယ်။
ဧရာဝတီ
ကျားဖြန့်နှိမ်နင်းရေး ထိုင်း၊ မြန်မာနဲ့ သဘောတူညီချက် ရရှိကြောင်း တရုတ်ထုတ်ပြန်
အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေ ပပျောက်အောင် နှိမ်နှင်းရေး တရုတ်၊ မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီလိုက်တဲ့အကြောင်း အကြောင်း တရုတ်သတင်းဌာနက ထုတ်လွှင့်ပါတယ်။
တရုတ်နိုင်ငံ ကူမင်း (Kunming) မြို့မှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ တရုတ်၊ မြန်မာ၊ ထိုင်း နိုင်ငံတွေအပြင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံက အရာရှိတွေ၊ အာဆီယံရဲတပ်ဖွဲ့နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ ရာဇဝတ်မှုနှိမ်နှင်းရေးအဖွဲ့ဝင်လည်း တက်ရောက်ပါတယ်။ အွန်လိုင်းငွေကြေး လိမ်လည်တဲ့ လုပ်ငန်းတွေက ခေါင်းဆောင်တွေကို ဖမ်းဆီးရေးနဲ့ လုပ်ငန်းတွေ ပပျောက်အောင် နှိမ်နှင်းဖို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူခဲ့ကြတဲ့အကြောင်း တရုတ်သတင်းဌာနက ထုတ်လွှင့်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကတော့“ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းလို့ နာမည်ပေးထားတဲ့ အစည်းအဝေးဟာ ဆက်သွယ်ရေး လိမ်လည်မှုနဲ့ လက်နက်ခဲယမ်းမှောင်ခိုမှု တိုက်ဖျက်ရေးအတွက် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုစင်တာ ပူးပေါင်းဆောင်ရွက်မယ့် အစည်းအဝေးဖြစ်တယ်လို့ ကြေညာပါတယ်။ ဒေသတွင်း ၆ နိုင်ငံအကြား ဆက်သွယ်ရေးလိမ်လည်မှုကို အဓိကထားသော ရာဇဝတ်မှုပေါင်း ၁၆၀ ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး တရားခံပေါင်း ၇ သောင်းကျော် ဖမ်းဆီးနိုင်ခဲ့သလို ပြည်သူ ၁၆၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။