■စကခ(၂၁) လက်နက်သိုလှောင်ရုံကို တိုက်ခိုက်ဖျက်ဆီးနိုင်ဟု ကနဦး သတင်းရဟု သတင်းရင်းမြစ်ပြော
People’s Spring
ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အမှတ် (၇၀၀၆) သံချပ်ကာ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ဇန်နဝါရီ ၂၅ရက်ညနေပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာယာဥ် ၇ စီး သိမ်းဆည်းရရှိခဲ့သည်။
KIA သတင်းပြန်ကြားရေးဌာနက (၇၀၀၆) သံချပ်ကာ တပ်ရင်းကို ယနေ့ (ဇန်နဝါရီ ၂၅ရက်) မွန်းလွဲ ၃နာရီ ၄၅ မိနစ်တွင် KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းရပြီဖြစ်ကြောင်း ရှေ့တန်းတာဝန်ရှိသူများကို ကိုးကားပြီး ယနေ့ ညပိုင်း၌ ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။သံချပ်ကာယာဉ် ၇စီးအား သိမ်းရခဲ့ကြောင်းလည်းအတည်ပြုထုတ်ပြန်ထားသည်။
ထို့ပြင်စကခ (၂၁)၊ ခလရ(၄၇)တပ်ရင်းအပါအဝင် ဗန်းမော်ရှိ လက်ကျန်စစ်ကောင်စီ တပ်စခန်းများကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဟုအသိပေးထားသည်။
စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ၊ဒရုန်းဖြင့် အဆက်မပြတ်ပြုလုပ်လျက်ရှိသည်ဟု သတင်းဖော်ပြထားသည်။
အမှတ်(၇၂) သံချပ်ကာ စစ်ဆင်ရေး ဌာနချုပ်(သစခ) -မုံရွာ လက်အောက်ခံ အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်း(ဗန်းမော်)အား KIA ပူးပေါင်းတပ်က ယမန်နေ့ ဇန်နဝါရီ ၂၄ရက်ကတည်းက ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး သံချပ်ကာယာဉ် ၄ စီးကို စတင်သိမ်းရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
ယနေ့(ဇန်နဝါရီ ၂၅ ရက်နေ့) ညနေ ၄နာရီ တွင် KIA နှင့် ပူးပေင်းတပ်က သံချပ်ကာ တပ်ရင်းကို အပြီးသတ် သိမ်းရခဲ့ရာ သံချပ်ကာယာဉ် စုစုပေါင်း ၇ စီး ရရှိပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ကဆက်ပြောသည်။
“ဒီနေ့ကတော့ ၂၁ အထဲမှာတော့ တိုက်ပွဲက ဖြစ်နေတယ်လို့ သတင်းရတယ်။ တချို့တွေ မိသားစုတွေ ကလေးတွေ အဲဒါတွေအလံဖြူထောင်ကျတယ်လို့ ပြောတယ်” ဟု စစ်ရေးရင်းမြစ်တဦးက ပြောသည်။ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု မရပ်မနားပြုလုပ်လျက်ရှိသည်ဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။
KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ယမန်နေ့ ဇန်နဝါရီ ၂၄ရက်တွင် ဗန်းမော်တိုက်ပွဲကို KIAက ထိုးစစ်အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့၍ တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း ပြောကြားထားသည်။ သံချပ်ကာ တပ်ရင်း အပြီးသတ် သိမ်းပိုက်နိုင်မှု အခြေအနေကိုလည်း ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIAသည် ၂၀၂၄ ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်မြို့သိမ်းတိုက်ပွဲ စတင်ဆင်နွှဲခဲ့ရာ ရက်ပေါင်း ၅၀ကျော်ကြာမြင့်နေပြီဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ စစ်ကောင်စီတပ်ကလည်း လေကြောင်း ပစ်ကူပေး ခုခံလျက်ရှိရာ ယမန်နေ့ တစ်ရက်တည်း၌ပင်တိုက်လေယာဉ်၊ Y12 လေယာဉ်များဖြင့် အကြိမ် ၂၀ ခန့် ဗန်းမော်တိုက်ပွဲကို ပစ်ကူပေး ခုခံခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ယနေ့တွင်လည်း ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်(စကခ-၂၁)အပါအဝင် လက်ကျန်တပ်ရင်းများ၌ တိုက်ပွဲဆက်ရှိနေသည်ဟုဆိုသည်။ ဗန်းမော်မြို့ ဧရိယာအများစုကို KIAနှင့် မဟာမိတ်များက ရှင်းလင်းထားနိုင်ပြီးဖြစ်ကြောင်း စစ်ရေးလေ့လာသူ ဦးဇော်ဆန်က ပြောကြားသည်။ ထို့ပြင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) လက်နက်ရုံကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ကနဦး သတင်းရရှိထားဟု ဦးဇော်ဆန်က ပြောသည်။
“ဒါပေမဲ့ မြေပြင် ကတော့ သီးခြားအတည်ပြုနိုင်ဖို့တော့ လိုအပ်ပါသေးတယ်။ ဒီရက်ပိုင်းအတွင်းမှာ KIAကတော့ စစ်ကောင်စီရဲ့ ဗန်းမော်လက်ကျန်စခန်းတွေကို မရရအောင်တော့ အပြတ်ရှင်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်”ဟု ဦးဇော်ဆန်က ပြောသည်။
(စစ်တပ်ထံမှ KIA သိမ်းဆည်းရရှိထားသောသံချပ်ကာ ၁ စီး ။ဓါတ်ပုံ-The Kachin Net )