ဇန်နဝါရီ ၂၆၊ ၂၀၂၅
မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ (ဇန်နဝါရီ ၂၆ ရက်) မနက် ၇ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ယောက်နဲ့ အမျိုးသမီး ၂ယောက် ပါဝင်တယ်လို့လည်း ကနဦး သတင်းတွေအရ သိရပါတယ်။
အဆိုပါနေရာမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားနေရာတွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီက ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းကို ဂျက်တိုက်လေယာဉ်နဲ့ ပေါက်ကွဲအားပြင်းတဲ့ ဗုံး ၂လုံး ကြဲချခဲ့တဲ့အပြင် MI-35 ရဟတ်ယာဉ်ပေါ်ကနေလည်း စက်သေနတ်နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း အရပ်သားပစ်မှတ်တွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဦးစားပေးပစ်မှတ်ထားကာ တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒီလုပ်ရပ်တွေအပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။