(မဇ္ဈိမ) ။ ။ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းထိစပ်သည့် နယ်နိမိတ်နေရာ၊ ရခိုင်ရိုးမပေါ်မှ မိုးထိတောင် စစ်ကောင်စီစခန်းကို သိမ်းယူလိုက်နိုင်ပြီဖြစ်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) တွင် ထုတ်ပြန်ကြေညာသည်။
AA နှင့်ပူးပေါင်းတပ်ဖွဲ့များသည် မိုးထိတောင် စခန်းကို သိမ်းယူနိုင်ရန် ငါးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ဇန်နဝါရီ ၂၆ ရက်၌ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မိုးထိတောင်စခန်းသည် အခြေစိုက်စခန်းအမျိုးအစားမဟုတ်ဘဲ တောင်ပုံကြီးတိုက်ပွဲဖြစ်ပွားပြီးနောက် ပဲခူးတိုင်းဝင်ပေါက်တွင် မဆုတ်တမ်းခံစစ်အနေဖြင့် ပြင်ဆင်ထားသည့် တပ်စခန်းသာဖြစ်သည်ဟုလည်း CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။
ထို့နောက် AA ၏ ထိုးစစ်သည် ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်မြို့နယ်ပိုင်နက် ညောင်ကျိုးကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေး စစ်ရေးသတင်းရင်းမြစ်ကပြောသည်။
AA သည် ညောင်ကျိုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ညောင်ကျိုးတပ်စခန်း၌ စစ်ကောင်စီဘက်မှ တောင်ပုံကြီးနှင့် မိုးထိတောင်မှ ပြန်လည်ဆုတ်ခွာလာသော စုပေါင်းအင်အားများ၊ ညောင်ခြေထောက်တပ်စခန်းများမှ ထုတ်နှုတ်အင်အားများ၊ ပြည်မြို့ဘက်မှ ပို့ဆောင်သည့် အင်အားများဖြင့် ခုခံနေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ညောင်ကျိုးကျေးရွာသည် မိုးထိတောင်နှင့် ၁၀ မိုင်ခန့်ကွာဝေးသည်။
“ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစစ်ဆေးရေးဂိတ်ကိုတိုက်နေတယ်။ ပုဂံကွဲကျေးရွာစာသင်ကျောင်းကနေ (စစ်ကောင်စီဘက်မှ) လက်နက်ကြီးထုနေတယ်။ ပုဂံကွဲဆိုတာက ပန်းတောင်းမြို့နယ်ထဲကိုရောက်နေပါပြီ” ဟု ပဲခူးတိုင်းမှ PDF စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။
ယခုတိုက်ပွဲဖြစ်ပွားလျက်ရှိရာ ညောင်ကျိုးကျေးရွာသည် ရခိုင်ပြည်နယ်ဘက်မှ ပဲခူးတိုင်းသို့ ဝင်လျှင် ပထမဆုံးတွေ့ရမည့် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ ကပစ (၆) တည်ရှိရာ ညောင်ခြေထောက်ကျေးရွာနှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည်။
ထို့အတူ ညောင်ကျိုးနှင့် ညောင်ခြေထောက်ကျေးရွာအကြား၌ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်း တခုမျှမရှိပေ။ ညောင်ခြေထောက်ကျေးရွာ၌ ကပစ (၆) နှင့် အမှတ် (၁၀၆) ဒုံးတပ်တို့တည်ရှိသည်။ ကပစ (၆) သည် အခြားသော ကပစ စက်ရုံများအားလုံးအသုံးပြုနေသည့် မရှိမဖြစ်သံထည်ကုန်ကြမ်းများကို ထုတ်လုပ်ပေးနေသော သံရည်ကျိုစက်ရုံဖြစ်သည်။
” ညောင်ခြေထောက် ကပစ (၆) ဆိုရင် ကျန်စက်ရုံအားလုံးအတွက် အဓိကဖြစ်သည့် သံရည်ကျိုစက်ရုံ” ဟု CDM ဗိုလ်ကြီးဇင်ယော်ကလည်း ပြောဆိုထားသည်။
“ကပစ စက်ရုံတွေက စက်ပစ္စည်းတွေကို ရွှေ့ပြောင်းဖို့ဆိုတာမလွယ်ကူပါဘူး။ ထုတ်လုပ်ပြီးသား ပစ္စည်းတွေကိုသာ ရွှေ့ပြောင်းဖို့ဖြစ်နိုင်ပါတယ်။ ကပစ (၆) ကို ကိုယ်တိုင်လည်းရောက်ဖူးသလို တပ်တွင်းသတင်းရင်းမြစ်တွေလည်းရှိပါတယ်။ သေချာတာတော့ သူတို့ ထုတ်လုပ်ရေးက ပုံမှန်အတိုင်းမလည်ပတ်နိုင်ပါဘူး။ အဲ့ဒီက အရာရှိစစ်သည်တော်တော်များများကလည်း တောင်ပုံကြီးတိုက်ပွဲကတည်းက အဲ့ဒီဘက်မှ ခံစစ်သွားဆင်နေရတယ်လို့သိရပါတယ်” ဟု ၎င်းရရှိထားသည့် သတင်းအချက်အလက်များကို ကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
တောင်ပုံကြီးတပ်စခန်းကို ယခု ဇန်နဝါရီလ ပထမပတ်အတွင်းကပင် AA ကသိမ်းယူခဲ့ခြင်းဖြစ်သည်။ ထို့နောက် မိုးထိတောင်မှ တဆင့် ညောင်ကျိုးထိ ထိုးစစ်ဆင်ရောက်ရှိနေခြင်းဖြစ်သည်။
အမှတ်(၆)ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၆) သည် အကျယ်အဝန်း ဧက (၃၀၀၀) ကျော်ကျယ်ဝန်းပြီး စစ်သည်အင်အား ၉၀၀ ခန့်နှင့် အခြားသော ဝန်ထမ်းအင်အားများ ရှိကြောင်း မှတ်တမ်းများအရသိရသည်။
ထို့အတူ ပန်းတောင်းမြို့နယ်အတွင်း၌ ကပစ (၃)၊ ကပစ (၉)နှင့် ကပစ (၅) စသည့် စစ်လက်နက်ပစ္စည်းထုတ်စက်ရုံများလည်းတည်ရှိသည်။ ကပစ (၃) သည် ပန်းတောင်းမြို့နယ် ဆင်တဲရွာ၌တည်ရှိပြီး ပေါင် ၅၀၀ ဗုံး၊ မီးလောင်ဗုံး၊ အမြောက်ကျည်ဆံများ၊ စိန်ပြောင်းကျည်ဆံများနှင့် လက်ပစ်ဗုံးများကိုထုတ်လုပ်သည်။
စစ်ကောင်စီ၏ လေကြောင်းထိုးစစ်များတွင် အသုံးပြုနေသော လေတပ်သုံးဗုံးများကို ကပစ (၃) နှင့် မကွေးတိုင်း ဆိတ်ဖြူအခြေစိုက် ကပစ (၂၁) တို့မှ အဓိက ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။
ကပစ (၉) သည် ပန်းတောင်းမြို့နယ် ကျောက်ဖူးကျေးရွာ၌ တည်ရှိပြီး MA-1, MA-2, MA-3, MA-4, MA-5 တို့တွင် အသုံးပြုသည့် 5.56mm,9mm,7.62mm,.303inch,0.5inch, .36mm Revolver, .32mm revolver ကျည်ဆန်များကိုထုတ်လုပ်သည်။
ကပစ (၅) သည် ပန်းတောင်းမြို့နယ် ပြင်ကြီးကျေးရွာ၌ တည်ရှိပြီး ယမ်းချက်စက်ရုံဖြစ်သည်။ မြန်မာနိုင်ငံအဝှမ်း၌ စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံပေါင်း ၂၅ ခုရှိပြီး ထို့အနက် ပဲခူးတိုင်းအနောက်ခြမ်း၌ ခုနစ်ခု တည်ရှိပြီး ပန်းတောင်းမြို့နယ်တွင် လေးခု ရှိသည်။
စစ်ကောင်စီသည် ယခု ၎င်းတို့ဆင်နွှဲနေရသည့် နိုင်ငံအဝှမ်းမှ တိုက်ပွဲများ၌ အဆိုပါ ကပစ စက်ရုံများမှ ထုတ်လုပ်သည့် စစ်လက်နက်ပစ္စည်းများကို ၉၀ ရာခိုင်နှုန်းအသုံးပြုနေခြင်းဖြစ်သည်။
ထို့အပြင် ပန်းတောင်းမြို့နယ်အတွင်း၌ ကပစ စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်မည့် စစ်သားများကို အခြေခံစက်မောင်းနှင်နည်းများသင်တန်းပေးသည့် ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ သင်တန်းကျောင်းလည်းတည်ရှိနေပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် တခုတည်းသာရှိသည့် သင်တန်းကျောင်းလည်းဖြစ်သည်။
“တနိုင်ငံလုံးမှာမှ အဲ့သင်တန်းကျောင်းတကျောင်းပဲရှိတယ်။ ထုတ်လုပ်ရေးစစ်သည်အားလုံး အဲ့သင်တန်းမှာသင်တန်းတက်ရတယ်။ ဟိုပုံးနဲ့ နည်းပညာသိပ္ပံကနေကျောင်းဆင်းတဲ့အဖွဲ့တွေတော့မပါဘူးပေါ့နော်။ အခြေခံစက်မှုသင်တန်းကိုတက်ရတယ်။ အခြေခံစက်မောင်းတဲ့နည်းတွေကိုသင်ပေးတဲ့ သင်တန်းကျောင်း” ဟု CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။
ပဲခူးတိုင်းသို့ ဝင်ရောက်လာသည့် AA ထိုးစစ်တွင် ပဲခူးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့ဝင်များလည်း ပူးပေါင်းပါဝင်နေပြီး AA ၏ စစ်ဆင်ရေးကွပ်ကဲမှုနှင့်အတူ ပူးပေါင်းဆောင်ရွက်နေကြသည်ဟု NUG-MOD အမှတ် (၂) စစ်ဒေသ၏ စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကပြောသည်။
“ရက္ခိုင့်တပ်တော် AA နဲ့ ပဲခူးတိုင်း တပ်ရင်းတပ်ဖွဲ့တွေ အကြားချိတ်ဆက်မှုရှိပါတယ်။ AA ရဲ့ စစ်ရေးကွပ်ကဲမှုနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေး ဆောင်ရွက်နေတာလည်း ရှိပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း အာရက္ခတပ်တော် AA ကအပြီးသတ်သိမ်းယူလိုက်ခြင်းဖြစ်သည်။ တောင်ကုတ်မြို့သိမ်းပိုက်ခံရပြီးနောက်မှ စတင်ကာ နယ်နိမိတ်ချင်းထိစပ်နေသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများ၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးအထိုင်ချတပ်ဆင်ခြင်း၊ စစ်အင်အားတိုးမြှင့်ခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းများပြုလုပ်ကာ စစ်ပြင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် မြို့တော် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များမှအပ ကျန်ပြည်နယ်တခုလုံးကိုသိမ်းပိုက်ထားနိုင်သည့် အာရက္ခတပ်တော် AA သည် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ၎င်းတို့၏ ထိုးစစ်ကို ရခိုင်နှင့် ထိစပ်ရာ တိုင်းများဖြစ်သော ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မကွေးတိုင်းသို့ ချဲ့ထွင်လာခဲ့သည်။ ဧရာဝတီတိုင်းတွင် ပုသိမ်းမြို့နယ် ရွှေသောင်ခံမြို့၊ မကွေးတိုင်းတွင် ငဖဲမြို့၊ အမ်း−ပဒမ်းလမ်း၌ တိုက်ပွဲများဖြစ်ပွားနေကြောင်း AA ကထုတ်ပြန်ထားသည်။
မဇ္ဈိမ