မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးပြန်လာသည့်ကား နှစ်စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၁ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာ ပြင်းထန်ရကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) အထူးလှုပ်ရှားတပ်ဖွဲ့ United States Of Burma Army (USBA) က ယနေ့ (ဇန်နဝါရီလ ၂၈ရက်) တွင်ထုတ်ပြန်သည်။
စုစုပါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးလိုက်ပါစီးနင်းလာသည့် စစ်ကောင်စီကား နှစ်စီးကို လယ်လှကျေးရွာအနီး လမ်းပိုင်းတနေရာတွင် ယနေ့ မွန်းလွဲ ၁နာရီ ၂၈မိနစ် အချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ခိုက်ခဲ့သည့် လမ်းပိုင်းမှာ အထက်မင်းလှမြို့နယ်အတွင်း အပြိုင်တည်ရှိသော သရက် – မင်းလှကားလမ်းနှင့် မုံရွာ – ပုသိမ်ကားလမ်းတို့အားဆက်သွယ်ပေးထားသည့် လမ်းဖြစ်သည်။
“အမှန်က သူတို့ကံကောင်းသွားတာ ။ ကျနော်တို့က ကားနှစ်စီးလုံးကို အပိုင်စီးဖို့ ပြင်ဆင်ထားတာပါ ။ အနီးကပ် ကားလမ်းဘေးကနေ ၁၀ပေဝန်းကျင်လောက်ကနေ ပစ်ခတ်ခဲ့တာ ။ ကျနော်တို့ဘက်က လက်နက်ကြီးကျည်တချို့မပေါက်ကွဲတာနဲ့ လက်နက်ငယ်တချို့ပစ်ခတ်နေချိန် ကျည်မထွက် ဂျမ့်ဖြစ်တာတွေကြောင့် သက်သာ သွားတာ” ဟု USBA တာဝန်ခံ ကိုဗဟိန်း က မဇ္ဈိမ ကိုပြောသည်။
ကားနှစ်စီးအနက် ပထမကားကို ကားနောက်ပိုင်းမှစပစ်ခဲ့ရသဖြင့် ကားမောင်းသူ ထိခိုက်မှုမရှိဘဲ နောက်မှလိုက်ပါသူများထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။ ထိုကားသည် မီတာ၇၀၀ခန့်တွင် နောက်မှလာသည့် စစ်ကားကိုရပ်စောင့်နေခဲ့ကြောင်း ၎င်းကဆိုသည်။ နောက်မှ လိုက်ပါလာသည့်စစ်ကားကို ထပ်မံစောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ကားသမားမှာ ပြင်းထန်ဒဏ်ရာရေသာ်လည်း ကားဆက်လက်မောင်းနှင်သွားခဲ့သည်ဟု ၎င်းကဆိုသည်။
ထိုစစ်ကားနှစ်စီးဆုံပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကာ၍ပြန်လည်ပစ်ခတ်ပြီး နယ်မြေ အခြေအနေအရ စစ်ကူများလာရောက်နိုင်သဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း နှင့် တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း ကိုဗဟိန်းက ဆက်ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း အထက်မင်းလှမြို့နယ် ကုန်းကြီးကျေးရွာအနီးရှိ တာဝေးပစ် ဒုံးကျည် ၊ မြေပြင်မှ ဝေဟင် ၊ ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များထုတ်လုပ်နေသည့် အမှတ်(၁၀) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) မှ အရာရှိများအပါအဝင် တပ်သားများ သေဆုံးကြောင်းကို ၎င်းတို့တပ်တွင်းရှိ သတင်းပေး(ဖရဲသီး) ထံက ပြန်လည်သိရှိသည်ဟု ဆိုသည်။
ထိခိုက်သေဆုံးသူများကို အထက်မင်းလှဆေးရုံသို့ခေါ်ဆောင်သွားကြောင်း သိရှိရသော်လည်း ကျန်အသေးစိတ်အခြေအနေများကို မဇ္ဈိမအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိ သေးပေ။
အဆိုပါစစ်ကြောင်းသည် မင်းလှမြို့နယ် ၊ လက်ပံတံခါးတိုက်နယ်နှင့် ရှမ်းတပ် တိုက်နယ်တို့တွင် ဇန်နဝါရီလ ၂၅ရက်နေ့မှစ၍ သုံးရက်တိုက် လက်နက်ကြီးများ ဖြင့်ပစ်ခတ်၍ စစ်ကြောင်းထိုးကာ ပြန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ် ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က အခင်းဖြစ်ပွားခဲ့သောနေရာအနီးတဝိုက်ကို မြေပြင်စစ်ကြောင်းနှင့် ဒရုန်းများအသုံးပြုကာ နယ်မြေရှင်လင်းရေးပြုလုပ်နေကြောင်းကာကွယ်ရေးအဖွဲ့ ထံက သိရသည်။
စစ်ကောင်စီတပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီးများရမ်းသန်းပစ်ခတ်လာနိုင်၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ပြင်ဆင်မှုများပြုလုပ်ထားရန်လည်း တိုက်တွန်းထားသည်။
တိုက်ပွဲဖြစ်ပွားသည့် နယ်မြေသည် စစ်ကောင်စီတပ် စိုးမိုးသည့်နေရာဖြစ်ပြီး ပထမဆုံးအကြိမ်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ေကြာင်း သိရသည်။ ဒေသခံများအနေဖြင့် စစ်ကောင်စီက အပြည့်အဝလုံခြုံရေးမပေးနိုင်တော့သည့် အခြေအနေဖြစ်သဖြင့် စစ်ကောင်စီသတင်းပေးများ မလုပ်ကြရန်နှင့် အုပ်ချုပ်ရေးမှူးများနုတ်ထွက်ကြရန် USBA တပ်ဖွဲ့က အသိပေးသည်။
၎င်းအပြင် ပုသိမ် – မုံရွာလမ်း ၊ သရက် – မင်းလှလမ်း ၊ သရက် – မင်းတုန်းလမ်း ပိုင်း များအပေါ် သွားလာနေသူများအတွက် ထုတ်ပြန်ထားသော စည်းကမ်းချက်များရှိခဲ့ပါက စနစ်တကျလိုက်နာရန် ၊ မိုင်းအန္တရယ်နှင့် စစ်ရေးကိစ္စလုံခြုံရေးများအတွက် အရေးကိစ္စမရှိဘဲ လမ်းဘေးဝဲယာတောအတွင်း အဝင် အထွက်များမလုပ်ကြရန် မေတ္တာရပ်ခံထားသည်။
ပုံအညွှန်း – United States Of Burma Army ရဲဘော်များစစ်ရေးလေ့ကျင့်စဉ်။(ဓါတ်ပုံ – ပေးပို့)