People’s Spring
မကွေးတိုင်း၊ယောဒေသတွင်း စစ်ရေးအရှိန်မြှင့်တော့မည်ဖြစ်၍ ပြည်သူများစစ်ဘေးအန္တရာယ်ကို ပြင်ဆင်ချိန်ရောက်ပြီဟု ယောကာကွယ်ရေးတပ်(YDF)က ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် အသိပေးကြေညာသည်။
အာဏာသိမ်းစစ်ကောင်စီထံမှ မိမိတို့ပိုင်ဆိုင်သော နယ်မြေ၊ရပိုင်ခွင့်များနှင့် အခွင့်အရေးများအား ပြန်လည်ရယူနိုင်ရန် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်ပြီး တိုက်ယူရမည့်အချိန်အခါဟု ယောကာကွယ်ရေးတပ် ဆိုသည်။
ပြည်သူများအနေဖြင့် တန်ဖိုးကြီးပစ္စည်းများ သေချာသိမ်းဆည်းရန်နှင့် စစ်ရေးကာလအတွင်း အခက်အခဲမရှိစေရန် ရိက္ခာဆေးဝါးများကြိုတင် ပြင်ဆင်ကြရန်လည်း YDF က တိုက်တွန်းသည်။
စစ်ရေးကြိုတင်ပြင်ဆင်ခြင်း အပါအဝင် ထုတ်ပြန်ချက်နှင့်ဆက်စပ်၍ YDF ထံသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။
” ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနဲ့ ကျောက်ထုဆိုတဲ့ ယောငါးမြို့ကိုစုပေါင်းပီး Y D F ကိုစစ်တပ်အာ ဏာသိမ်းအစ နှစ်ကတည်းက ဖွဲ့ခဲ့တာ။ပြီးခဲ့တဲ့လ က ယောဒေသနဲ့ကပ်လျက်ရှိတဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက် ခိုက်ခဲ့တယ်။လက်နက်အင်အားလည်း ကောင်းသလို စစ်ရေးအရ တိုင်းရင်းသားလက်နက် ကိုင်တချို့နဲ့ ပူးတွဲတိုက်ခိုက်နေတာရှိတယ်”ဟု ယောဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
မြို့သိမ်းတိုက်ပွဲနှင့်အတူ ပြည်သူလူထုထောက်ပံ့ထည့်ဝင်သောငွေများကို စနစ်တကျ၊အလေအလွင့်မရှိကောက်ခံနိုင်ရန်လိုအပ်ပြီး ထိုငွေများသည် မြို့သိမ်းတိုက်ပွဲဆင်နွှဲမည့် တပ်ဖွဲ့များထံရောက်ရှိရန် လိုအပ်ကြောင်း အသိပေးသည်။
သို့သော် မြို့သိမ်းတိုက်ပွဲအကြောင်းပြ၍ ဂန့်ဂေါမြို့နယ်အတွင်းရှိ ပသုံးလုံးအဖွဲ့များ(ပအဖ၊ပကဖ၊ပလဖ)တို့၏ ငွေကြေးခွဲတမ်းကောက်ခံမှုများသည် တာဝန်ယူ၊တာဝန်ခံမှုမရှိဘဲ ပြုလုပ်နေသည်ကိုတွေ့ရှိရပြီး အချို့သောကျေးရွာများတွင် အဓမ္မငွေကြေး ကောက်ခံမှုပင်ရှိဟု ဆိုသည်။
ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက မြို့နယ် ပသုံးလုံးအဖွဲ့ကကောက်ခံသည်ဟု သိရှိထင် မြင်၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့က ကျေးရွာပြည်သူလူထု၏ သဘောဆန္ဒအလျောက် ကောက်ခံခြင်းဟုဆိုပြီး ၎င်းတို့အချင်းချင်းကြား ဘော်လီဘော ပုတ်၊လက်ညိိုးထိုး လွှဲချနေသည်မှာ လူထုအတွက် အမှန်တကယ် နစ်နာစေသောလုပ်ရပ်ဖြစ်ကြောင်း သတိပေးထားသည်။
ထို့ကြောင့် ပျက်စီးယိုယွင်းနေသော ပသုံးလုံးအဖွဲ့ကို ပြန်လည်စိစစ်ပြီး အရည်အချင်းမရှိဘဲ အပေါ်မှချပေးသည့် မိုးကျရွှေကိုယ် အခွင့်အရေးသမားများကို ဖယ်ထုတ်ကာ လူထုရွေးချယ်မှုဖြင့် ဖွဲ့စည်းရေးအချိန်ကျပြီဟု YDFက တိုက်တွန်းသည်။
YDF ၏ထုတ်ပြန်စာတွင်ပါရှိသော ဂန့်ဂေါမြို့နယ် ပအဖ၊ပကဖ နှင့် ပလဖထံ လူထုနွေဦးက ဆက်သွယ်၍မရသေးပေ။
“ကိုယ်ကျိုးရှာသမားတချို့တလေတော့ ရှိကြတာပေါ့။ဒါနဲ့ပတ်သက်ပြီးလည်း မြို့နယ်အဆင့်တွေက သေချာကိုင်တွယ်နိုင်ဖို့လိုတယ်။ပြည်သူမှာ ပြည်သူပဲ ရှိတယ် ဆိုပေမယ့်အခုက ကြပ်တည်းနေကြတာလေ။ ငွေကြေးကောက်ခံမှုကို တအားတင်းကြပ်တာကိုတော့လက်မခံဘူး”ဟု ယောဒေသတွင်းရှိ ပအဖ တာဝန်ရှိသူ တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ပြည်သူ့ဆန္ဒနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များပေါ်ပေါက်ရန် အကူအညီပေးမည်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့်လည်း သက်ဆိုင်ရာနယ်မြေဒေသအလိုက်ကာကွယ် ပေးရင်းပြည်သူလူထုထောက်ခံသည့် အုပ်ချုပ်ရေးအဖွဲ့များ ပေါ်ပေါက်လာရန်လည်း အသိပေးသည်။
ပြည်သူများဆီမှ တိုင်ကြားခံရသည့် ပသုံးလုံး ( ပအဖ ၊ ပလဖ ၊ ပကဖ ) အဖွဲ့များကို စုံစမ်းစစ်ဆေးပြီး အရေး ယူဆောင်ရွက်မှုများလုပ်ဆောင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ပြောထားသည်။
ထို့အပြင် စစ်ကိုင်း၊ မကွေးတိုင်းဒေသတွင် မဟာမိတ်များနှင့် စစ်ရေးအရ ပူးပေါင်းလုပ်ဆောင်ရန်ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။
CNDFနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)တို့ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးမှုများရှိနေကြောင်း သတင်းများနှင့်ပတ်သက်၍ မေးမြန်းစဉ် ယခုကဲ့သို့ အသိပေးလာခြင်းဖြစ်သည်။
ချင်းညီနောင်အနေဖြင့်ဖြစ်စေ၊ CNO/CNDF ဖြစ်စေ BPLAနှင့် ဆက်ဆံရေးကောင်းမွန်စွာရှိပြီး နိုင်ငံရေး၊ စစ်ရေးမဟာမိတ်လုပ်ဆောင်ရန် ဆွေးနွေးထားကြောင်း ဆလိုင်းတီမီက ပြောသည်။
“သူတို့ဘက်ကလည်းမကွေး၊ စစ်ကိုင်း အဲဒီမှာ လှုပ်ရှားဖို့ရန် အတွက် သူတို့ ပြင်ဆင်နေတဲ့ဟာ ရှိတဲ့အတွက်ချင်းဘက်မှာ ချင်းညီနောင်နဲ့ ကျနော်တို့ CNO/CNDF အနေနဲ့သော်လည်းကောင်း စစ်ရေးသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အတူတကွ လုပ်ဆောင်ဖို့ရန်အတွက် အများကြီးရည်ရွယ်ထားတဲ့ဟာရှိပါတယ်”ဟု CNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဂန့်ဂေါ၊ ဆော၊ ကျောက်ထု၊ကျောနှင့် ထီးလင်းမြို့တို့ပါဝင်သောယောဒေသည် စစ်ကောင်စီအား စနစ်တကျခုခံတော်လှန်တိုက်ခိုက်နေပြီး တစ်ချိန်တည်းတွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်စ အကောင်အထည်ဖော်နေသည်။ ယောဒေသအပါအဝင် မကွေးတိုင်းအတွင်း မြို့နယ်အချိူ့၌ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်စီးနေပြီဖြစ်သည်။
ယောကာကွယ်ရေးတပ်(YDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ – YDF)