ဇန်နဝါရီ ၂၉ ၊ ၂၀၂၅
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကနေ ကိုးကန့်တပ်မတော် (MNDAA) ပြန်လည်ဆုတ်ခွာပေးဖို့ တရုတ်ရဲ့ဖိအားပေးမှုသတင်း ထပ်မံထွက်ပေါ်လာပေမဲ့ လားရှိုးဒေသခံတွေကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး အတည်မပြုထားကြပါဘူး။
ဒီနေ့ ဇန်နဝါရီ ၂၉ ရက် လားရှိုးမြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဒေသခံတွေနဲ့အတူ မြောက်ပိုင်းမဟာမိတ်ညီနောင်တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA တို့အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မဟာမိတ်တပ်ဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်ပါဝင်ပြီး နှစ်သစ်ကူးပွဲတော်ကို ကျင်းပနေတာလည်း ဖြစ်ပါတယ်။
“ဒီကနေ့ထိတော့ ကိုးကန့်က နယ်မြေကိုပြန်ပေးဖြစ်မယ်ဆိုတာ မကြားရပါဘူး။ တရုတ်အစိုးရအနေနဲ့ရော စစ်ဘက်အုပ်စုအနေနဲ့ရော လားရှိုးဒေသကိုပြန်ရဖို့ ဖိအားအနေနဲ့ ပေးတာမျိုးတွေ ရှိနိုင်ပေမဲ့ လားရှိုးမြို့ဟာ လတ်တလော ကိုးကန့် ထိန်းသိမ်းနယ်မြေဖြစ်တယ်။ ပြင်ပဖိအား၊ တရုတ် ကြားဝင်ညှိနှိုင်းမှုခေါင်းစဥ်အောက်က မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှု၊ စစ်တပ်အင်အားစုအနေနဲ့ ညှိနှိုင်းရန်ကြိုးစားနေမှု အမျိုးမျိုးတို့ဟာ လက်ရှိမှာ ဖိအားအခြေအနေတစ်ခုထက်မပိုသေးသလို ဒေသပိုင်းပြန်လည်ပေးအပ်ဖို့ဆိုတာ မဆုံးဖြတ်နိုင်သေးတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်” လို့ လားရှိုးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။
ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ရောက်ရှိလာတဲ့ ယူနန်ပြည်နယ် တရုတ်ကိုယ်စားလှယ်အဖွဲ့က “နှစ်သစ်ကူးပြီးရင် ပြန်ဆုတ်ပေးရမယ်” လို့ MNDAA ကို ပြောခဲ့တာနဲ့ပတ်သက်ပြီး ဘီဘီစီသတင်းဌာနက ဒီနေ့မှာ ရေးသားဖော်ပြထားတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ အခုလဆန်းပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီနဲ့ MNDAA အဖွဲ့ကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမှုအပြီး လာမယ့်ဇွန်လကုန်မှာ လားရှိုးကနေ MNDAA ပြန်ဆုတ်ပေးရမယ်လို့ တရုတ်က ဖိအားပေးပြောဆိုခဲ့ကြောင်း Myanmar Now သတင်းဌာနက အခုလ ဇန်နဝါရီ ၂၀ ရက် ဖော်ပြခဲ့ပါသေးတယ်။
ဇွန်လကုန်မှာ လားရှိုးမြို့ ကနေ MNDAA ပြန်ဆုတ်ပေးရမယ့် သတင်းထွက်ပေါ်နေမှုအခြေအနေနဲ့ပတ်သက်ပြီး လာရှိုး ပြန်လည်ထောင်ရေးအဖွဲ့ကို Burma VJ က ဆက်သွယ်မေးမြန်းခဲ့ချိန် မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး တရားဝင်လက်မှတ်ထိုးထားတဲ့အချက်ထဲမှာ ဒီသဘောတူညီချက် မပါရှိခဲ့ဘူးလို့ ဖြေကြားထားပါတယ်။
စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ လားရှိုးမြို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို သိမ်းယူချိန် MNDAA နဲ့အတူ မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတွေနဲ့ ပူးပေါင်းတပ်တွေ ပါဝင်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း MNDAA နဲ့ တော်လှန်ရေးအင်အားစုတွေ မဟာမိတ်ဆက်ဆံရေး ရှိနေတာကြောင့် လားရှိုးကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ဖို့ဆိုတာ MNDAA သဘောထားတစ်ခုထဲ ဆုံးဖြတ်လို့မရနိုင်ဘူးလို့လည်း လားရှိုးမြို့မှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးက သုံးသပ်ပြောပါတယ်။
BVJ/အိုင်းရစ် _
ဓာတ်ပုံ – လားရှိုးမြို့ ပြန်လည်ထူထောင်ရေး