အာရက္ခတပ်တော် (AA) ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာနဲ့ ငွေဆောင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးဖို့ ပြင်ဆင်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA) ရောက်လာရင် ပူးပေါင်းဝိုင်းဝန်းခုခံပစ်ခတ်ဖို့အတွက်ဆိုပြီး ချောင်းသာနဲ့ ငွေဆောင်မြို့တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက လာမယ့် ဖေဖော်ဝါရီ ပထမအပတ်ထဲမှာ လက်နက်ပစ်ခတ်မှုနဲ့ စစ်သင်တန်းပေးမှာဖြစ်ပြီး သင်တန်းပြီးတာနဲ့ လက်နက်ထုတ်ပေးမှာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “စစ်သင်တန်းပေးမှာပါ၊ ဟုတ်တယ်။ တပ်ချုပ်ရဲ့အမိန့်နဲ့ လုပ်တာ။ စီစဉ်ပေးတာက တိုင်းအဆင့်က စီစဉ်ပေးတာ။ စာရင်းယူထားပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေကို သီးသန့် သင်တန်းပေးမှာ” လို့ ပြောပါတယ်။
အဲဒီ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကို တိုင်းအဆင့် စစ်ကောင်စီရဲ့ စီစဉ်ပေးမှုနဲ့ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာမှာရှိတဲ့ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်ထဲမှာ စစ်သင်တန်းပေးသွားမှာလို့ သိရပါတယ်။
ဒေသခံ စစ်မှုထမ်းမိသားစုဝင်တယောက်က “စစ်ကောင်စီက အခုလိုလုပ်တာက စစ်ရေးအတွက် အကျိုးမရှိစေဘဲ မှုခင်းတွေပဲ ပိုတိုးလာဖို့ရှိတယ်။ စစ်ရှုံးတာနဲ့ လူတိုင်း အကုန်စစ်သင်တန်းပေးနေလို့ မရဘူးလေ။ အခု စစ်ရှုံးနေတာကလည်း စစ်မတိုက်တတ်တဲ့ လူငယ်တွေကို စစ်သင်တန်းပေး စစ်တိုက်ခိုင်းနေလို့လေ” လို့ ပြောပါတယ်။
လက်ရှိ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ပုသိမ်မြို့နယ်၊ ရွှေသောင်မြို့၊ သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေကို ရောက်ရှိလာပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒါ့အပြင် ရခိုင်နဲ့ ဧရာ၀တီအစပ်မှာ တိုက်ပွဲဖြစ်ပွားလာတာနဲ့ တိုက်ပွဲသတင်းတွေကြောင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က စတင်ပြီး ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ စတဲ့ ကမ်းခြေတွေမှာ ခရီးသွားလည်ပတ်သူ လုံး၀မရှိသလောက် ဖြစ်နေတယ်လို့ သိရပါတယ်။