စစ်ကိုင်းတိုငး နဲ့ မကွေးတိုင်းတို့မှာ စစ်ရေးအရှိန်မြှင့်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲမယ်လို့ ယောကာကွယ်ရေးတပ်-YDF က ပြောဆိုလိုက်ပါတယ်။
လာမယ့်အချိန်ကာလတွေမှာ ယောဒေသကယကွယ်ရေးတပ်အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေအတွက် ဦးတည်ဆောင်ရွက်နေပြီး စစ်ရေးအရှိန်ကို မကြာခင်မှာမြှင့်တင်တော့မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ စစ်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ စစ်ဆင်ရေးကာလအတွင်း အခက်အခဲတွေမကြုံစေဖို့ ဆေးဝါး၊ ရိက္ခာတွေ ကြိုတင်ပြင်ဆင်ထားဖို့ YDF က အသိပေးထားပါတယ်။
YDF ရဲ့ ပြောရေးဆိုခွင့်အဖွဲ့၀င်တယောက်ဖြစ်တဲ့ ကိုစိုးဝေက “ယောဒေသတခုတည်းမှာ မဟုတ်ပါဘူး။ အဓိက က မကွေးပေါ့၊ နယ်မြေခြင်း ထိစပ်နေတာကလည်း စစ်ကိုင်းဆိုတော့ အဲ့ဒီနေရာတွေမှာ စစ်ရေးဖော်ဆောင်သွားမှာဖြစ်ပါတယ်။ စစ်ရေးဖော်ဆောင်မှာကတော့ YDF တခုတည်း မဟုတ်ပါဘူး။ ချိတ်ဆက်ထားတဲ့ မဟာမိတ်တွေဖြစ်တဲ့ ချင်းရှိမယ်၊ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ရေးဖော်ဆောင်သွားမှာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ပြည်သူတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်မလာမီ ကြိုတင်ပြင်ဆင်မှုမပြုလုပ်ဘဲ လောင်းကစားဝိုင်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာပဲ အားစိုက်လုပ်ဆောင်မနေဘဲ တိုက်ပွဲကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားစေချင်တယ်လို့ YDF က အသိပေးပါတယ်။
မြို့သိမ်းတိုက်ပွဲတွေကို ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်မယ်ဆိုတာကိုတော့ စစ်ရေးအရ ကြိုတင်ပြောဆိုလို့မရသေးဘဲ မကြာမီအချိန်စစ်ရေးအရှိန်မြှင့်မယ်ဆိုတာကိုသာ မှတ်ယူထားစေလိုတယ်လို့ ကိုစိုးဝေက ထပ်မံပြောဆိုပါတယ်။
ယောကာကွယ်ရေးတပ် YDF အနေနဲ့ ချင်းပြည်နယ် မင်းတပ်မြို့အပါအဝင် မြို့ ၃ ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းညီနောင်စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။