လူထက်နိုင်၊ နိရဥ္စရာ၊ ဖေဖော်ဝါရီ ၄/၂၀၂၅
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ Chinland Defense Force – Lautu နဲ့ Maraland Defense Force – MDF တို့ဟာ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဇွာမာကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။
အဲဒီကျေးရွာမှာ နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ရွာမန်းကျေးရွာမှာ တပ်စွဲထားသည့် CDF-Lautu တပ်စခန်းကို MDF က ဇန်နဝါရီလ နောက်ဆုံးအပတ်ကနေ စတင်ပြီး မဟာမိတ်တပ်တွေနဲ့အတူ ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒေသခံအမျိုးသားတစ်ယောက်က “ဇွာမာကျေးရွာက လောက်တူတွေနေထိုင်နေတာ။ အခုက CDF-Lautu က ထိန်းချုပ်ထားတာပါ။ ပြီးတော့ MDF မရာ(ချင်း)တွေကလည်း သူတို့နေထိုင်ခဲ့တဲ့နယ်မြေဆိုပြီးပြောတာရှိတယ်။ အခုဖြစ်တာ နယ်မြေအငြင်းပွားလို့ဖြစ်တာပါ။ နှစ်ဖက်ထိခိုက်ကျဆုံးတာရှိတယ်လို့ သိရတယ်။ အချင်းချင်းမဖြစ်စေချင်ဘူး။ ညှိစေချင်ပါတယ်။ ပြည်သူတွေပဲ ထိခိုက်မှာပါ”လို့ပြောပါတယ်။
တိုက်ပွဲကြောင့် ဇွာမာရွာမှာ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေခံ ဇွာမာရွာအပါအဝင် အနီးအနားကျေးရွာလေးရွာလောက်က ဒေသခံတွေဟာလည်း အဲဒီတိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
တိုက်ပွဲအတွင်း Chinland Defense Forcr – Lautu ဘက်က အကျအဆုံးရှိသလို MDF ဘက်ကလည်း ထိခိုက် သေဆုံးမှုရှိတယ်လို့ သိရပြီး အရေအတွက်ကို နိရဥ္စရာက အတည်မပြုနိုင်သေးပါဘူး။
အဲဒီတိုက်ပွဲနဲ့ပတ်သက်ပြီး တိုက်ပွဲဖြစ်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့နှစ်ခုတို့ကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားပြီး လောလောဆယ် ဖြေကြားတာမရှိသေးပါဘူး။
Chinland Defense Force – Lautu ဟာ ချင်းပြည်ကောင်စီနဲ့ စစ်ရေး၊ နိုင်ငံရေးမှာ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး MDF ဟာ ချင်းညီနောင်နဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းထားတဲ့အပြင် အရက္ခတပ်တော် (AA)နဲ့လည်း မဟာမိတ်ဖွဲ့ထားတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – အင်တာနက်