အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းလုံခြုံရေးကို အထူး ခြိမ်းခြောက်နေတဲ့နိုင်ငံအဖြစ် မြန်မာနိုင်ငံကို သမ္မတ Donald Trump က ဆက်လက်သတ်မှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းအုပ်ချုပ်နေတဲ့စစ်တပ်ဟာ ပြည်သူအများရဲ့ဆန္ဒကိုဆန့်ကျင်ပြီး နိုင်ငံရဲ့ ဒီမိုကရေစီအသွင်ပြောင်းမှုနဲ့ တရားဥပဒေစိုးမိုးမှုတွေကို အားနည်းချည့်နဲ့အောင်လုပ်ဆောင်နေတဲ့ အတွက် အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒအပေါ် သူမတူတဲ့ ခြိမ်းခြောက်မှုဖြစ်တယ်လို့ သမ္မတ Trump က လွှတ်တော်ကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းလမ်းကျရွေးချယ်ခံရတဲ့ အရပ်သားအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ သတင်းထောက်တွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီး ထောင်ချမှုတွေကို အမေရိကန် နိုင်ငံတော်ပြန်တမ်းမှာ ထောက်ပြထားပါတယ်။ ဒီအခြေအနေတွေကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာထုတ်ပြန်ခဲ့တဲ့ သမ္မတအမိန့်အတိုင်း မြန်မာနိုင်ငံကို အမေရိကန်အမျိုးသားလုံခြုံရေး ခြိမ်းခြောက်တဲ့နိုင်ငံအဖြစ် ‘နောက်ထပ်တနှစ်ထပ်တိုး’သတ်မှတ်တယ်လို့ သမ္မတ Trump လက်မှတ်ထိုး ထားတဲ့ နိုင်ငံတော်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းထားတာကြောင့် အမေရိကန်မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ နေရပ်ပြန်ဖို့ မလုံခြုံတဲ့အတွက် အမေရိကန် အမိမြေလုံခြုံရေးဌာနက ယာယီနေထိုင်ခွင့် TPS ကို ၂၀၂၁ ခုနှစ် မတ်လမှာ စတင် ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက် TPS သက်တမ်းကို ၁၈ လတကြိမ် တိုးပေးခဲ့တာကြောင့် လောလောဆယ် ၂၀၂၅ နိုဝင်ဘာ ၂၅ ရက်နေ့အထိ အကျုံးဝင်နေပါတယ်။
VOA Burmese