မန္တလေး ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများကို ပစ်မှတ်ထားလေ့ရှိသော စစ်ကောင်စီက ယခုတစ်ကြိမ်တွင် လည်း CDM များနှင့် PDF လူနာများ လက်ခံသည်ဟူသော စွပ်စွဲချက်ဖြင့် နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၇ ခုကို ယာယီပိတ်ခိုင်းထားသည်။
မန္တလေးမြို့မှ နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၇ ခုကို လာမည့် မတ်လ ၁ ရက်မှစ၍ ယာယီပိတ်ထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်ဟု မြို့ခံများနှင့် ကျန်းမာရေးဝန်ထမ်းအသိုင်းအဝိုင်းထံက သိရသည်။
အာဏာဖီဆန်ထားသူ (CDM) များကို အလုပ်ပေးထားသည်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်ဟု ယူဆရသူများကို လက်ခံကုသသည်ဟူသည့်စွပ်စွဲချက်များဖြင့် ပန်းလှိုင် ၊ မြတ် ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်၊ လန်ဒန်၊ ဇီဝက၊ ငြိမ်းချမ်း စသည့်ဆေးရုံများကို အလုပ်ရပ်နားခိုင်းခြင်းဖြစ်သည်ဟု နီးစပ်သည့်ပုဂ္ဂလိကဆေးရုံတစ်ခုမှ သူနာပြုဆရာမတစ်ဦးက Myanmar Now ကို ပြောပြသည်။
“ဟုတ်တယ်။ ဆေးရုံ ၇ ရုံ ပိတ်ခံရတယ်၊ သတင်းတွေတက်နေသလိုပါပဲ။ CDM ကိစ္စတွေ၊ PDF လူနာကိစ္စတွေ စွပ်စွဲပြီးတော့ ပိတ်ခိုင်းတယ်လို့ကြားတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ သူနာပြုဆရာမက ပြောသည်။
စစ်ကောင်စီက ဆေးရုံတစ်ရုံကို ထိုသို့ စွပ်စွဲကာ ဝင်ရောက်စစ်ဆေးခဲ့သေးသည်ဟု ယင်းဆရာမက ဆိုသည်။
“လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက ပန်းလှိုင်မှာလာစစ်တယ်။ အဲဒီတုန်းကတော့ ဆေးရုံက ဝန်ထမ်း မိတ်ဆွေတစ်ဦး ပြောပြတာ။ ဘာမှလည်းမတွေ့ဘူး။ အေးအေးဆေးဆေးဖြစ်တဲ့ပုံနဲ့ပဲ ပြန်သွားကြတာလို့ ပြောတယ်”ဟု ၎င်းက ဆက်ပြောသည်။
မန္တလေးမှ ဆေးကုမ္ပဏီဝန်ထမ်းတစ်ဦးကလည်း ပန်းလှိုင်ဆေးရုံနှင့် မြတ်ချယ်ရီဆေးရုံကို ၃ လ ယာယီ ပိတ်ခိုင်းသည်ဟု သိရှိရပြီး ဖေဖော်ဝါရီလကုန်အထိ အချိန်ပေးထားသည်ဟုဆိုသည်၊ အဆိုပါဆေးရုံတွင် လက်ရှိလူနာများဆက်လက်ကုသမှုပေးနေသလို ၊ဆေးကုမ္ပဏီများထံမှ ဆေးမှာယူမှုများလည်းရှိသည်ဟု သိရကြောင်း ဆိုသည်။
ပိတ်သိမ်းခံရသည့်ဆေးရုံများကို Myanmar Now က ဆက်သွယ်မေးမြန်းရာ လက်ခံဖြေဆိုကြခြင်း မရှိပေ။
ပန်းလှိုင်ဆေးရုံမှ ပြန်လည် ဖြေဆိုသူတစ်ဦးကမူ အထက်လူကြီးများထံမှ သဲသဲကွဲကွဲအခြေအနေ မသိရသေးကြောင်း၊ လူနာများနှင့်ပတ်သက်ပြီး မည်သို့စီမံရမည့်ကိစ္စများကို ဖြေကြားခွင့်မရှိကြောင်း ပြောသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် ၎င်း၏ကျန်းမာရေးဌာနကို ဆက်သွယ် မေးမြန်းနိုင်ခြင်း မရှိသေးပေ။
စစ်တပ်ဝါဒဖြန့် အွန်လိုင်းမီဒီယာများတွင် လိုင်စင်သက်တမ်းတိုးကာလဖြစ်သည့်အတွက် အဆိုပါဆေးရုံ ၇ ခုအား ယာယီပိတ်ရန် အမိန့်ထုတ်ထားသည်ဟု ဖော်ပြထားကြသည်။ မတ်လ ၁ ရက်နေ့မှ စ၍ ဇွန်လအထိ ၃ လ ကြာ ပိတ်ထားရမည်ဟု ဆိုသည်။
မန္တလေးမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေများကို ၂၀၂၁ အတွင်းက တွေ့ရစဉ်။(ဓာတ်ပုံ- Myanmar Now)
စစ်ကောင်စီသည် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်အတွင်း မန္တလေးမြို့မှ နာမည်ကြီးပုဂ္ဂလိကဆေးရုံများဖြစ်သည့် မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်း၊ ကြယ်စင်လင်း စသည့် ဆေးရုံများကို ယာယီပိတ်သိမ်းခဲ့သေးသည်။ အာဏာဖီဆန်ထားသူဆေးဝန်ထမ်းများကို အလုပ်ပေးထားသည်၊ PDF များကို ထောက်ပံ့သည် စွပ်စွဲချက်ဖြင့် ပိတ်ခိုင်းခြင်းဖြစ်သည်။
ထိုစဉ်က ဆေးရုံသာမက ပုဂ္ဂလိကဆေးခန်းများကိုလည်း ပစ်မှတ်ထားခဲ့သောကြောင့် ပိတ်လိုက်ရသည့် ဆေးရုံ၊ ဆေးခန်း ၁၅ ခု ထက်မနည်းရှိကြောင်း ဒေါက်တာစိုးသူရဇော်က Myanmar Now ကို ယင်းကာလ က ပြောထားသည်။
လက်ရှိတွင် အဆိုပါဆေးရုံများမှာ ပြန်ဖွင့်ထားသည်၊ ထိုသို့ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိရန် ငွေအကုန်အကျ ခံခဲ့ရသည်ဟု မန္တလေးဆေးအသိုင်းအဝိုင်းမှ သတင်းရင်းမြစ်တချို့က ဆိုသည်။
CDM ကျန်းမာရေးဝန်ထမ်းများကို လက်ခံထားသည်ဟူသော စွဲချက်ဖြင့် အပိတ်ခံထားရသော မန္တလေး၊ မဟာအောင်မြေမြို့နယ်မှ ဆေးရုံ ၂ ခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ပြန်ဖွင့်ခွင့်ရခဲ့သည်။
အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းသည့် လေးနှစ်အတွင်း အစိုးရဝန်ထမ်းများ လုပ်ငန်းခွင်ကို စွန့်ခွာခဲ့ကြရာ ကျန်းမာရေးကဏ္ဍမှ ဆရာဝန်နှင့်ကျွမ်းကျင်ဝန်ထမ်း အများအပြား ပါဝင်ခဲ့ကြသည်။ ထိုကိစ္စကို မကျေနပ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာခဏ ထုတ်ဖော်ပြောဆိုတတ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်း ၈၀ ရာခိုင်နှုန်းအထိ CDM တွင် ပါဝင်ခဲ့ကြရာ စစ်ကောင်စီက အပြင်းအထန်နှိပ်ကွပ်ခဲ့သည်။
မန္တလေးမြို့မှ အဆင့်မြင့်ဆေးကိရိယာစက်များဖြင့် အကောင်းဆုံးကျန်းမာရေး ဝန်ဆောင်မှုပေးနေသည့် ပုဂ္ဂလိကဆေးရုံကြီးများကို စစ်ကောင်စီအနေဖြင့် ယခုကဲ့သို့နှိပ်ကွပ်ခြင်းများဆက်လုပ်ပါက နစ်နာသူများ မှာ ပြည်သူလူထုသာဖြစ်သည်ဟု တိမ်းရှောင်နေရသည့် မန္တလေးမြို့ခံ CDM ဆရာဝန် အမျိုးသမီးတစ်ဦး က မှတ်ချက် ပြုသည်။
ပိတ်သိမ်းခံရမည့်ဆေးရုံများတွင် တက်ရောက်ကုသနေသော လူနာများနှင့်ပတ်သက်သည့် အခြေအနေ ၊ အခက်အခဲများကို လတ်တလော မသိရသေးပေ။
Myanmar Now