မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း PDF တပ်ပေါင်းစုတွေဘက်က တပ်ရင်းမှူးတယောက် အပါအဝင် ရဲဘော် ၅ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
မြင်းခြံအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံတယောက်က “မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက ရဲဘော်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ တောင်သာနယ်ထဲက ရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ဝင်တိုက်တဲ့ တိုက်ပွဲမှာ ကျဆုံးခဲ့ကြတာပါ။ ကျဆုံးသွားတဲ့အထဲမှာ အဲဒီတပ်ရင်း ၃ ရဲ့ တပ်ရင်းမှူးလည်း ပါတယ်။ ကျဆုံးသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်” လို့ ပြောပါတယ်။
တိုက်ပွဲအတွင်း ကျဆုံးသွားသူတွေထဲမှာ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက တပ်ရင်းမှူး ဆရာကျောင်း (ခေါ်) ကိုဇော်မျိုးတင် အပါအဝင် ရဲဘော် ၅ ယောက် ကျဆုံးခဲ့ပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းရဲ့ ပြန်ကြားရေးတာဝန်ခံဆီကို တယ်လီဂရမ်ကနေ ဆက်သွယ်ထားပေမဲ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းအထိ ပြန်လည်ဖြေကြားလာတာ မရှိသေးပါဘူး။
မြင်းခြံ ပကဖ တာဝန်ခံတယောက်က “ရဲစခန်းကိုဝင်စီးတော့ တော်လှန်ရေးတပ်ဖွဲ့ဘက်က အင်အား ၁၀၀ နီးပါးလောက်ပါတယ်။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ကြတယ်။ အဲဒီမှာ သူတို့ဘက်က ဂျက်ဖိုက်တာ၊ Mi35 တွေနဲ့ လေကြောင်းပစ်ကူပေးတဲ့အချိန် ဆရာကျောင်းတပ်ရင်းက ရဲဘော်တယောက် ကျသွားတာကို တက်ကောက်ရင်းနဲ့ သူပါထိပြီး ကျသွားတာလို့ သိရတယ်ဗျ။ ကျန်တဲ့ရဲဘော်တွေကတော့ ဘယ်တပ်ရင်းတွေကလဲ ဆိုတာတော့ မသိသေးဘူးလို့ပဲ ပြောရမှာပါပဲ” လို့ DVB ကို ပြောပါတယ်။
ရုံးစည်ကြီးရွာနယ်မြေရဲစခန်း တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်ကျဆုံးမှု များခဲ့တဲ့အတွက် ခရိုင်တပ်ရင်းတွေဖြစ်ကြတဲ့ တပ်ရင်း ၁၊ တပ်ရင်း ၂ နဲ့ တပ်ရင်း ၄ က တပ်ဖွဲ့ဝင်တွေ သွားရောက်ပြီး တပ်ကူ၊ ပစ်ကူပေးပြီး ပြန်လည်ဆုတ်ခွာခဲ့ကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
မြင်းခြံခရိုင်အမှတ် ၃ တပ်ရင်းက တပ်ရင်းမှူး ဆရာကျောင်း (ခေါ်) ကိုဇော်မျိုးတင် ကျဆုံးမှုအပေါ် “ဆရာကျောင်းရေ ခင်ဗျားကို ချစ်ရတာလည်း အရင်းအနှီး ကြီးလိုက်တာဗျာ။ ဘာမှကို ဆက်မလုပ်ချင်တော့ဘူး” လို့ မြင်းခြံခရိုင်တပ်ရင်း ၄ ရဲ့ ဒုတပ်ရင်းမှူးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဝမ်းနည်းကြောင်း ရေးသားထားတာ တွေ့ရပါတယ်။