ရန်ကုန်၊ နိုဝင်ဘာ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်ကူစစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ဝန်းကျင်သေဆုံးခဲ့ကြောင်း Sagaing PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ စစ် ကိုင်းတက္ကသိုလ်တွင် တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုကို စစ်ကူပေးရန် စစ်ကိုင်းမြို့ပေါ်ရှိ တပ်မ ၃၃ က စစ်ယာဥ်တန်း ဖြင့် ထွက်လာခဲ့ရာ လမ်းကြောင်းပိတ်ဆို့ဖြတ်တောက်ရေး အတွက် တာဝန်ယူထားသော ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား အများ သေဆုံး ခဲ့ကြောင်း၊ ထို့ပြင် တက္ကသိုလ်ဝင်းအတွင်းရှိ စစ်သားများ ကျောင်းပေါက်ဝ အရောက်တွင်လည်း မိုင်းတစ်လုံးဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ် သား ၂၀ ဦးဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တက္ကသိုလ်ထဲမှာက ၅၀ ဝန်းကျင်လောက်နဲ့တပ်စွဲထားတာပါ။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာခဲ့ ပါတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ Sagaing PDF အနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို ယခုထက်ပိုမိုပြီး စစ်ဆင်ရေးဖော်ဆောင်သွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်” ဟု Sagaing PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးကို SAGAING PDF နှင့်အတူ မဟာမိတ်တပ်ဖွဲ့ဖြစ်သည့် လင်းယုန်ညီနောင် ပြောက် ကျားတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်